
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖို ဆောင်သီးနှံ ဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီး နှင့် ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ကန်ဇွန်းရွက်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိ ပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရသည်။
ကန်ဇွန်းရွက်ကို ကြော်စားခြင်း၊ ချဉ်ရည်ကျိုခြင်း၊ အရွက်အစုံဖြင့် ပေါင်းစားခြင်း၊ ကန်ဇွန်းရွက်ကို ဆူးပုတ်ရွက် ပဲတီပင်ပေါက်တို့်ဖြင့် ရောကြော်ခြင်း၊ ကန်ဇွန်းရွက်ကို မျှစ် ချဉ်ပေါင်တို့ဖြင့်ကြော်ခြင်း၊ ကန်ဇွန်းရွက်ကို ဂွေးတောက်ရွက် ဆူးပုတ်ရွက် ခရမ်းသီး မြေပဲပင်ပေါက်တို့ဖြင့်ရောချက်ခြင်း စသည့် ပုံစံအမျိုးမျိုးဖြင် ချက်စားကြပါသည်။ ကန်ဇွန်းရွက်မှာ ဗီတာမင်ဓါတ် ကြွယ်ဝသည့်အတွက် မျက်စိအားကောင်းစေခြင်း အပြင် အခြားသော ကျန်းမာရေး ကောင်းကျိုးများရှိသည့်အတွက် စားသုံး သင့်ကြောင်း သိရသည်။
ယခု ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဖြစ်ပေါ်နေသော ကန်ဇွန်းရွက် ဈေးနှုန်းများမှာ ကန်ဇွန်းရွက် လက္ကားဈေး တစ်စီးလျှင်(၁၈၀)ကျပ်၊ ကန်ဇွန်းရွက် လက်လီ ဈေး တစ်စီးလျှင်(၂၀၀)ကျပ်၊ (၅၀၀)ကျပ်ဖိုးလျှင်(၃)စီးတို့ဖြင့်လည်းကောင်း၊ ဂွေးတောက်ရွက်ဈေးနှုန်းမှာ လက္ကား(၁)ပိဿာလျှင်(၂၈၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀) ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင်(၃၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း သိရသည်။
Doca(စစ်ကိုင်း)