
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ စားသုံးသူပြည်သူများ၏ နေ့စဉ်အဓိကစားကုန်ဖြစ်သော ဆန်ဆိုင်များသို့ ဇွန်လ(၂၄)ရက်နေ့၊ နံနက်(၀၈:၃၀)အချိန်တွင် ဖြန့်ဖြူးရောင်းချလျှက်ရှိသော ဆန်အမျိုးအစား အလိုက် ဈေးနှုန်းအခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့သည် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ပေါ်မူဆန်ဆိုင်၊ ပေါ်မွှေကြူဆန်ဆိုင်၊ မိဘရိပ်ဆန်ဆိုင်၊ ဦးမြင့်ထူးဆန်ဆိုင်နှင့်စည်ပင်သာယာမြို့မဈေးအပြင်တန်းရှိ ဦးချမ်းသာကြီး ဆန်ဆိုင်၊ ဒေါ်လုံးလုံးဆန်ဆိုင်များမှ ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ လစဉ်ထုတ်ပြန်ပေးလျက်ရှိသည့် တင့်သင့်မျှတသော ဈေးကွက်ဈေးနှုန်း သတ်မှတ်ရည်ညွှန်းဈေးများအပေါ်(၈) ရာခိုင်နှုန်းထက်ပို၍ ရောင်းချခြင်းများမပြုလုပ်ကြရန်နှင့် တင့်သင့်မျှတသောဈေးနှုန်း တွက်ချက်မှုများမှာ စိုက်ပျိုးသူတောင်သူများ၊ ဆန်စက်လုပ်ငန်းများ၊ သိုလှောင်ဖြန့်ဖြူးရောင်းချသူများနှင့် စားသုံးသူပြည်သူများအတွက် တင့်သင့်မျှတသော ဆန်ဈေးနှုန်းဖြစ်စေရန် ထည့်သွင်းစဉ်းစားမှု၊ ယခင်နှစ်ဈေးနှုန်းများ၊ နိုင်ငံတကာဈေးနှုန်းများ၊ ပြည်တွင်းဈေးကွက်ရှိ အခြားကုန်ဈေးနှုန်းများနှင့် ချင့်ချိန်ဆက်စပ် တွက်ချက်မှုများအပေါ် အခြေခံ၍ ညှိနှိုင်းတွက်ချက်ထားခြင်းဖြစ်ကြောင်း စားသုံးသူကာကွယ်ရေး အသိပညာပေးပြောကြားခဲ့ပြီး ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူး ရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)