
ခရေပန်းဆိုသည်မှာ ပွင့်တော့လည်းလှ ရှုတော့လည်းမွှေး ရင်မှာအေးသည်။ ပန်းခြောက်ဘဝရောက်ခဲ့ရင်တောင် ဂုဏ်ဝင့်ကြွားနိုင်ဦမွှေးရနံ့မပြယ်တဲ့ ပန်းကလေးများဖြစ်သည်။ ခရေပန်း၏ အဓိပ္ပာယ်သည် မေ့မသွားပါနဲ့ကွယ် ဟု ဖြစ်သည်။ ခရေပန်း၏ ရနံ့သည် အလွန်မွှေးပျံ့လွမ်းဆွတ်ဖွယ် ဖြစ်ပြီး ဧပြီလမှ စတင်ပွင့်တတ်ပြီး ယခုလို ကျောင်းဖွင့်ချိန် ဇွန်လအထိ ပွင့်မြဲပွင့်ဆဲ ဖြစ်သည်။ ခရေပန်းသည် အကြွေပန်းပေမဲ့ မြန်မာအမျိုးသမီးတိုင်း ကြိုက်နှစ်သက်စွာ ပန်ဆင်လေ့ရှိသည်။ အပင်ပေါ်ဝေနေလည်း မွှေးပြီး မြေပေါ်ကြွေလည်း မွှေးပါသည်။ ခရေပန်းပင်သည် အမြဲစိမ်းရွက်များ ထူထပ်စွာ ရှိသဖြင့် အရိပ်ရပ်ပင်လည်း ဖြစ်သောကြောင့် လမ်းဘေးဝဲယာ ကျောင်းကန်ဘုရားနေရာဒေသမရွေး စိုက်ပျိုးကြသည်။ ခရေပန်းပွင့်ချိန်တွင် ပန်းကလေးများကို ကောက်ယူသီကုံး၍ ဈေးသို့ တင်ပို့ရောင်းချသူများလည်း ရှိကြောင်းသိရှိရသည်။ ခရေပန်းပျိုးပင်သည်လည်း ဈေးကွက်တွင် ဝယ်ယူမှုများကြောင်း၊ တိုးတက်လာတဲ့ခေတ်နှင့်အညီ အိမ်််တိုင်ရာရောက် ပို့ဆောင်စနစ်နှင့် ပို့ဆောင်ရောင်းချခြင်းများရှိသလို ပျိုးခြံအထိလာရောက် ဝယ်ယူမှုများလည်း ရှိကြောင်း သိရှိရသည်။ခရေပန်းပျိုးပင်သည် အပင်အရွယ်အစားပေါ်မူတည်၍ တစ်ပင်လျှင် (၁၀၀၀/၃၀၀၀/၅၀၀၀) ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရသည်။
DOCA(မန္တလေး)