
စားဖိုဆောင်အုပ်စုဝင် နံနံပင်သည် မြန်မာပြည်တွင် အထင်ရှားဆုံး ဟင်းခတ်အမွှေးအကြိုင် ဖြစ်ပြီး နံနံစေ့ကိုလည်း ဟင်းခတ်မဆလာပြုလုပ်ရာတွင် အသုံးပြုကြကြောင်း၊ နံနံပင်သည် အေးမြ သော ရာသီဥတုကို ကြိုက်နှစ်သက်သောကြောင့် ဆောင်းရာသီတွင် အပင်ဖြစ်ထွန်းမှုအားကောင်းပြီး ဈေးကွက်တွင်လည်း ပေါများစွာ ဝယ်ယူစားသုံးရကြောင်း၊ မြင်းခြံမြို့နယ်၊ ဓားကျွန်းကျေးရွာတွင် မိုးဦးကာလ မေလလယ်မှစ၍ နံနံပင်များကို ဝင်ငွေရရှိရန်စီးပွားဖြစ် တစ်နိုင်တစ်ပိုင်စိုက်ပျိုး ထားကြောင်း သိရှိရသည်။ နံနံကိုစိုက်ပျိုးရာတွင် ဘောင်များပြုလုပ်၍ စိုက်ပျိုးကြောင်း၊ ရေမဝပ် သောနုံးမြေသည် နံနံစိုက်ပျိုးရန် အကောင်းဆုံးမြေမျိုးဖြစ်ကြောင်း၊ ရွှံစေးဆန်သောမြေနှင့် သဲမြေ များ၌ နွားချေး၊ မြေဆွေး၊ ဖွဲပြာတို့ကိုထည့်၍ သင့်တော်သော မြေအနေအထားရအောင်ပြုပြင်၍ ဘောင်များကို(၄-၅)လက်မ အမြင့်ပြုလုပ်၍ (၂-၃)ပေ အကျယ်ဖြင့် အရှည်ကို လိုသလောက်ထား ကာ စိုက်ပျိုးကြကြောင်း၊ အစေ့ကိုရေမစိမ်မီ အိတ်ပေါ်တင်ပြီး ပုလင်းဖြင့်နှစ်ခြမ်းကွဲသွားစေရန် အသာယာလှိမ့်ပါ၊ ထို့နောက်နှစ်ခြမ်းကွဲ မျိုးစေ့များကို မြန်မြန်အပင်ပေါက်စေရန် ရေတွင် (၂၄) နာရီ ကြာစိမ်ရကြောင်း၊ မျိုးစေ့(၂၄)နာရီ ရေစိမ်ရာ၌ ရေနှစ်ကြိမ် လဲပေးရကြောင်း၊ ပြီးလျှင်ဆယ်ယူ၍ စစ်ထားပြီး စိုက်ပျိုးရန်ဘောင်ပေါ်တွင်(၀.၅) လက်မအနက်မြောင်းများကို လေးလက်မခြားဆွဲပြီး မျိုးစေ့များကို မြေတွင်တိုက်ရိုက်ချစိုက်ပျိုးကြောင်း၊ နံနံများကိုစိုက်ပျိုးပြီး (၃၀-၄၅) ရက်အကြာတွင် ခူးဆွတ် နိုင်ကြောင်း၊ အပင်လိုက်ခူးဆွတ်မည်ဆိုပါက စိုက်ပြီး (၄၂-၅၆) ရက် သားမှစတင် နုတ်ယူ ပြီး ဈေးကွက်တွင်ရောင်းချခြင်းများ ပြုလုပ်ကြောင်း၊ ယခုဇွန်လနောက်ဆုံးပတ်တွင် အေးမြသီတာ ဈေး၌ ရောင်းချနေသော နံနံပင် (၁၀) ကျပ်သားလျှင် (၁၃၀၀) ကျပ်၊ တစ်ပိဿာ လျှင်(၁၂၅၀၀) ကျပ် ပေါက်ဈေးများ ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းစားသုံးရန်နှင့် တောင်သာမြို့သို့လည်း တင် ပို့ရောင်းချကြောင်း၊ နံနံများရှားပါးချိန်ကာလဖြစ်သောကြောင့် ဈေးကောင်း လည်းရရှိသလို အကျိုးအမြတ်လည်းရရှိကြောင်း ဈေးကွက်တွင် အရောင်းအဝယ်သွက်လျက်ရှိကြောင်း နံနံစိုက် တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။
DOCA(မန္တလေး)