Main menu

မြိတ်ဒေသထွက် ပုဇွန်ခြောက်ထုတ်လုပ်မှုနှင့် ဈေးကွက်

Powered by Drupal

    မြန်မာနိုင်ငံအတွင်းရှိ ပင်လယ်ကမ်းရိုးတန်းဒေသများတွင် ပိုက်များဖြင့် ပုဇွန်ကို ဖမ်းပြီး နေရောင်ခြည်ဖြင့် အခြောက်ခံထိန်းသိမ်းထားခြင်းသည် ရှေးယခင်ကပြုလုပ်ကြသော ပုဇွန်ခြောက်ပြုလုပ်ခြင့် ရိုးရာနည်းလမ်းဖြစ်သည်။ပုဇွန်ခြောက်ကို အသုပ်၊ ဟင်းခတ်မှုန့်နှင့် အမျိုးမျိုးသော ဟင်းလျာများတွင် ထည့်သွင်းအသုံးပြုကြပြီး အိမ်ထောင်ရှင်မများ၏ အကြိုက်ဆုံးမီးဖိုချောင်သုံး ပစ္စည်းတစ်မျိုးဖြစ်သလို မြန်မာရိုးရာ အစားအစာ တစ်ခုလည်း ဖြစ်သည်။ အာဟာရဖွဲ့စည်းမှုအနေဖြင့်လည်း ပရိုတိန်း၊ ကယ်လ်ဆီယမ်ဓာတ်တို့ မြင့်မားကြွယ်ဝသည်။ သို့သော် ဆားဓာတ်ပါဝင်မှုများသောကြောင့် ကျန်းမာ‌ရေးအတွက် အလွန်အမင်းစာသုံးခြင်းကို ရှောင်သင့်သည်။

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နှင့် မြိတ်မြို့ရှိ ကျေးရွာများတွင် ပုဇွန်ခြောက်ကို ကျားပါးစပ်ပိုက်များဖြင့် အများဆုံးဖမ်းလေ့ရှိကြသည်။ ကျားပါးစပ်ပိုက်လှေထွက်ရာတွင် ရေသေ၊ ရေထရက်ဟူ၍ ခွဲထားပြီး ရေထရက်မှစတင်၍ ပိုက်ချလေ့ရှိကြောင်း သိရသည်။ပိုက်၌ပါလာသော ပုဇွန်များကို ဆားငံရည်ဖြင့် အသင့်တည်ထားသော ပေါင်းအိုးထဲ ထည့်ပြုတ်ကြသည်။  ပိုက်ချပြီးနောက် တစ်ရက်တွင် (၆)နာရီ တစ်ကြိမ် ရေတက်ချိန်၌ ပိုက်ဆွဲကြသည်။ပုဇွန်ကွေး၊ ဂဏန်းနီ ဆိုသလို့ အနည်းငယ် နီ၍ ကွေးလာသော အနေအထားရောက်မှ ခပ်ယူပြီး  ကြိမ်ခြင်းတောင်းထဲထည့်၍ အရည်စစ်ကြသည်။ ထိုမှတစ်ဆင့် အရည်စစ်ထားသော ပုဇွန်များကို ကွင်းပြင်၌ သင်ဖြူးဖျာ(သို့မဟုတ်) တာလပါပိုင်းများ ခင်း၍ နေရောင်ခြည်ဖြင့် အခြောက်ခံ ထုတ်လှန်းကြသည်။ ခြောက်လာသော ပုဇွန်များကို အခွံကျွတ်စေရန် အိတ်ထဲထည့်၍ ဖွတ်ကြသည်။ ဤသို့ဖြင့် ရရှိလာသော ပုဇွန်ခြောက်များကို       အရွယ်အစားခွဲ၍ မြိတ်မြို့ပေါ်သို့ တင်ပို့ရောင်းချကြသည်။ ရောင်းချရာတွင် ပုဇွန်ခြောက်အဝယ်ဒိုင်နှင့် အမျိုးမျိုးသော ဈေးဆိုင်များ၊ ဈေးများသို့ ရောင်းချကြပြီး ရန်ကုန်မြို့နှင့် အခြားမြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိသည်။

     မြိတ်မြို့‌ပေါ်ရှိ သီရိမင်္ဂလာဈေးနှင့် မြို့သစ်ဈေးတို့တွင် ပုဇွန်ခြောက် အသေးဆိုဒ် တစ်ပိဿာ (၆၀၀၀၀) ကျပ်၊ အကြီးတစ်ပိဿာ(၁၄၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ရောင်းချသူများထံမှ သိရပြီး ရာသီအလိုက် ဈေးအတက်အကျရှိနိုင်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)