
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါသခွားသီးများကို မိမိတို့အိမ်ဝန်းများတွင်လည်းကောင်း၊ ယာမြေစည်းရိုးများတွင်လည်းကောင်း တနိုင်တပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။ သခွားသီးကို ငါးပိရည်၊ ငံပြာရည်ချက်တို့နှင့် အတို့အမြုပ်ဖြင့်လည်းကောင်း၊ သခွားသီးကို ခြစ်၍ မြေပဲဆံ၊ ပဲမှုန့်၊ ဆီချက်တို့ဖြင့် သုပ်စား၍သော်လည်းကောင်း၊ အသားနှင့်ချက်စား၍သော်လည်း ကောင်း အမျိုးမျိုးပြုလုပ်၍ စားသုံးကြပါသည်။ ၂၀၂၅ ခုနှစ် ဇွန်လတတိယပတ်တွင် မဏိစည်သူဈေး၌ ရောင်းချနေသည့်သခွားသီးဈေးနှုန်းအနေဖြင့် ပေါ်ကာစ အသေးတစ်လုံးလျှင်(၃၀၀)ကျပ်၊ အကြီးတစ်လုံးလျှင်(၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရသည်။
DOCA(မန္တလေး)