မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး ရာသီ(၃)မျိုးလုံး စိုက်ပျိုးကြကြောင်း၊ ဈေးကွက်ဝယ်လိုအားရှိသော ဖူးစားပြောင်းကိုလည်း စိုက်ပျိုး လျက်ရှိရာ စဉ့်ကိုင်မြို့နယ်တွင် ဖူးစားပြောင်း စိုက်ပျိုးဧက (၉၉) ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ အများဆုံး စိုက်ပျိုးသောမျိုးမှာ သကြားပြောင်း မျိုးဖြစ်ကြောင်း၊ ပြောင်းဖူးစိုက်ပျိုးမှု မျိုးအနေဖြင့် တစ်ဧကလျှင် (၅)ပြည်ခန့် ကုန်ကျကြောင်း၊ ပြောင်းဖူးမျိုးစေ့ တစ်ပြည်လျှင်(၅၅၀၀/-)ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ တစ်ဧက ကုန်ကျစရိတ် အနေဖြင့် မျိုးသွင်းအားစု ၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၃၀၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ဖူးစားပြောင်း စိုက်ပျိုးမှုအနေဖြင့် ဘောင်ကြောင်းပေးစနစ်ဖြင့် အတန်းလိုက် အစေ့ချ ထယ်ဖုံး စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ အများဆုံး စိုက်ပျိုးသော ရွာများမှာ ပင်းချား ၊ ဖလံဘိုရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း ၊ တစ်ဧက အထွက်နှုန်းအနေဖြင့် (၄၀၀၀)ဖူးခန့် ထွက်ရှိခဲ့ပြီး ယခင်နှစ်ပြောင်းဖူးဈေးနှုန်းအနေဖြင့် တစ်ဖူးလျှင် (၃၀၀)ကျပ် ရောင်းချခဲ့ရပြီး စိုက်ပျိုးစရိတ်နှုတ်ပြီး (၉၀၀၀၀၀/-)ကျပ်ခန့် မြတ်ခဲ့ကြောင်း၊ ယခုလက်ရှိ ဈေးကွက်အတွင်း ရောင်းချနေသော ပြောင်းဖူး ဈေးနှုန်းအနေဖြင့် တစ်ဖူးလျှင်(၃၅၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပြီး ပြောင်းဖူးပြုတ်ရောင်းချသူ များမှတစ်ဖူးလျှင် (၈၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ၊ ပြောင်းဖူးပေါ်ချိန်တွင် ပွဲစားများမှ အခင်းထဲအရောက် လာရောက်ဝယ်ယူသူ ရရှိသလို တစ်ချို့ပွဲစားများမှာ ပြောင်းဖူးအခင်းပြတ် ကြိုတင်ဝယ်ယူသူများလည်းရှိကြောင်း ပြောင်းဖူးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက် အရသိရှိရပါသည်။
DOCA(မန္တလေး)