
ကမ္ဘောဒီးယား ဆန်တင်ပို့သူများသည် နိုင်ငံတကာဈေးကွက်သို့ ဆန်အမျိုးအစား စုံလင်စွာ တင်ပို့ရန်နှင့် ဈေးကွက်ချဲ့ထွင်ရန် ကြိုးပမ်းနေသည့်အတွက်လာမည့် အာဖရိကစားသောက်ကုန် ပြပွဲ (African Food Show) တွင် အားတက်သရော ပါဝင်ပြသမှုဖြင့် တောင်အာဖရိကဈေးကွက်သို့ ဝင်ရောက်နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်သည်။
ကမ္ဘောဒီးယား၏ ထိပ်တန်းဆန်တင်ပို့သည့် ကုမ္ပဏီဖြစ်သည့် Signature Rice ကုမ္ပဏီ လီမိတက်မှ အထွေထွေမန်နေဂျာဖြစ်သူ Chan Pich က အာဖရိက စားသောက်ကုန်ပြပွဲတွင် ပါဝင် ပြသခြင်းသည် ၎င်းတို့ကုမ္ပဏီနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ဆန်တင်ပို့သူများအတွက် ပထမဆုံး အကြိမ်ဖြစ်ကြောင်း၊ ၎င်းစျေးကွက်၌ ဝယ်လိုအားရှိသော ဆန်အမျိုးအစားများနှင့် ကမ္ဘောဒီးယားရှိ ဆန်တင်ပို့သူများအနေဖြင့် မည်သည့်ဆန်ကို တင်ပို့နိုင်ပြီး ဖြည့်ဆည်းပေးနိုင်မည်တို့ကို သိရှိရန် လိုအပ်လျက်ရှိကြောင်း၊ အဆိုပါပြပွဲသို့ တက်ရောက်ခြင်းဖြင့် အခွင့်အလမ်းအသစ်များ ရှာဖွေရန်၊ ဈေးကွက်အလားအလာကို အကဲဖြတ်ရန်၊ ဝယ်လိုအားရှိသော ဖောက်သည်များနှင့် တိုက်ရိုက် ဆွေးနွေးရန်နှင့် ကမ္ဘောဒီးယား၏ အရည်အသွေးအကောင်းဆုံးဆန်ကို ဂုဏ်ယူစွာပြသရန်တို့ ပြုလုပ်နိုင်မည်ဖြစ်ကြောင်းဖြင့် Khmer Times သို့ ပြောကြားခဲ့သည်။
Mr. Pich ၏ ပြောကြားချက်အရ ပေါင်းဆန်၊ ဘာစမာတီဆန်၊ ဆန်မွှေးနှင့် ဒုတိယတန်းဝင် ဆန်မွှေးတို့သည် တောင်အာဖရိကဈေးကွက်တွင် ဝယ်လိုအားရှိကြောင်း၊ အဆိုပါဈေးကွက်သည် ထိုင်းနိုင်ငံမှ ဆန်မွှေးများကို တင်သွင်းလျက်ရှိပြီး ကမ္ဘောဒီးယား နိုင်ငံအနေဖြင့် ၎င်းတို့၏ အရည် အသွေးမြင့် ကမ္ဘောဒီးယားဆန်မွှေးများသည် ၎င်းဈေးကွက်သို့ တင်သွင်းရာတွင် ယှဉ်ပြိုင်နိုင်စွမ်း ရှိမည်ဟု ယုံကြည်ကြောင်း သိရှိရသည်။
အာဖရိကစားသောက်ကုန်ပြပွဲကို ၂၀၂၅ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့မှ ၁၂ရက်နေ့အထိ တောင် အာဖရိကနိုင်ငံ၊ Cape Town မြို့ရှိ Cape Town အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနတွင် ကျင်းပလျက်ရှိကြောင်း၊ ကမ္ဘာ့အသိအမှတ်ပြု Gulfood အမှတ်တံဆိပ်၏ ပံ့ပိုးမှုဖြင့် ကျင်းပသည့် အဆိုပါပြပွဲသည် အာဖရိကတစ်ခွင်ရှိ အစားအစာနှင့် အဖျော်ယမကာ ဈေးကွက်သို့ ဝင်ရောက်နိုင် မည့် အချက်အချာကျသော လမ်းကြောင်းတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း သိရှိရသည်။
Signature Rice ကုမ္ပဏီအနေဖြင့် ၎င်းပြပွဲတွင် ပါဝင်ခြင်းသည် ဈေးကွက်အသစ်ကို နားလည်ရန်နှင့် ထိုးဖောက်ဝင်ရောက်ရန် အရေးကြီးသောခြေလှမ်းတစ်ရပ်အဖြစ် ရှုမြင်ထားသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ဆန်ကို စီးပွားရေး၏ အခြေခံအုတ်မြစ်အဖြစ် ထားရှိလျက် စိုက်ပျိုးရေး ထုတ်ကုန်များ တင်ပို့မှုတိုးမြှင့်ရန် တက်ကြွစွာ လုပ်ဆောင်လျက်ရှိသည်။
ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် (CRF) ၏ ဥက္ကဋ္ဌ Chan Sokkheang က ဆန်တင်ပို့မှု များ တိုးတက်လာမည်ဟု မျှော်လင့်ထားပြီး အသင်းချုပ်အနေဖြင့် စိတ်ဝင်စားဖွယ် ပို့ကုန်ဈေး ကွက်သစ်များ တိုးချဲ့ရန်နှင့် ဈေးကွက်သစ်များ ရှာဖွေနိုင်ရန် အားတက်သရော လုပ်ဆောင်နေသည်ဟု မကြာသေးမီက ပြောကြားခဲ့သည်။ CRF သည် ဈေးကွက်သစ်များ ရှာဖွေနိုင်ခဲ့ပြီး ရည်မှန်း ထားသည့် ဈေးကွက်များသို့ ပို့ကုန်ပမာဏ တိုးတက်တင်ပို့လျက်ရှိကြောင်း၊ အဆိုပါအချက်များသည် ယခုနှစ်အတွင်း ကုန်စည်ပို့ကုန် တိုးတက်မည့် အပြုသဘောဆောင်သော လက္ခဏာများ ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။
CRF ၏ အစီရင်ခံစာအရ ယခုနှစ် ပထမ ၅ လအတွင်း ကမ္ဘောဒီးယားနိုင်ငံသည် ကြိတ်ခွဲပြီး ဆန် ၃၄၄,၁၉၉ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၅၂ သန်း ဝင်ငွေရရှိခဲ့သည်။ တင်ပို့ခဲ့သည့် ကြိတ်ခွဲပြီးဆန်အမျိုးအစားများတွင် ဆန်မွှေး၊ ဆန်လုံးရှည်၊ ပေါင်းဆန်နှင့် အော်ဂဲနစ်ဆန်တို့ ပါဝင်သည်။ အဆိုပါအစီရင်ခံစာတွင် ၂၀၂၅ ခုနှစ် ပထမ ၅ လအတွင်း ကမ္ဘောဒီးယားသည် နယ်စပ် ကုန်သွယ်မှုမှ စပါးတန်ချိန် ၃.၁ သန်း ရောင်းချနိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၄၀ သန်းကျော် ဝင်ငွေရရှိခဲ့ကြောင်း ဖော်ပြထားသည်။
Source: Khmer Times, 12 June 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)