Main menu

“စဉ့်ကိုင်မြို့နယ်၌မိုးဝါများစတင်စိုက်ပျိုး”

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းတွင် စပါး၊ပဲ၊ပြောင်း၊ကြက်သွန်နှင့် ငရုတ်သီးနှံများအပြင် ဝါသီးနှံကိုလည်းစိုက်ပျိုးလျက်ရှိရာ  မတ်လဆန်းမှစတင်၍ မိုးဝါများကို စဉ့်ကိုင် မြို့နယ်တွင်(၁၅၀၀)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ၊ ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ မိုးဝါစိုက်ပျိုးသော ရွာများမှာပင်းချား၊ ဘယ်လင်းတောင်ခြေနှင့် တောင်ဦးကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း ၊ စိုက်ပျိုးမှုအနေဖြင့် ဘောင်ကြောင်းပေး စနစ်ဖြင့် အတန်းလိုက်စိုက်ပျိုးကျကြောင်း၊ မိုးဝါစိုက်ပျိုးမှုတွင် မျိုးအနေဖြင့် ငွေချည်-၆ ၊ ရွှေတောင် - ၈ မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး (၁)ဧကလျှင်မျိုးထုပ်(၂-၃)ထုပ်အထိ ကုန်ကျကြောင်း၊ မျိုး(၁) ထုပ်စျေးနှုန်းအနေဖြင့် (၆၅၀၀၀-၇၀၀၀၀)ကျပ်စျေးဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၅၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း ၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် ပိဿာ(၃၀၀-၄၀၀)ခန့်ထွက်ရှိခဲ့ပြီး ဝါ(၁)ပိဿာလျှင် (၃၂၀၀/-) ကျပ်ဖြင့် ရောင်းချခဲ့သောကြောင့် စိုက်ပျိုးစရိတ်နှုတ်ပြီး(၆၂၀၀၀၀/-)ကျပ် ဝန်းကျင်ခန့် မြတ်ခဲ့ကြောင်း၊ မိုးဝါစိုက်ပျိုးပြီး (၂၅-၃၀)ရက်အကြာတွင် ပန်းများစတင်ပွင့်ပြီး ရက်ပေါင်း(၅၀-၆၀) တွင်အသီးများ ရင့်မှည့်ပြီး စတင်ကောက်ယူ၍ရကြောင်း၊ ဝါကောက်ယူချိန်တွင်လည်း ဝါပေါက်အား ကောင်းသော အပွင့်များကိုရွေး ချယ်ကောက်ယူစေရန် လိုအပ်ကြောင်း၊ အစိုဓါတ်ကျန်သောဝါများကို ကောက်ယူ ခြင်းမပြုရန် ဝါပေါက်အားကောင်းသော ဝါများကို ကောက်ယူမှသာ ဝါအရည်အသွေး ကောင်းမွန်မှာ ဖြစ်ကြောင်း၊ ဝါစျေးနှုန်းအနေဖြင့် ယခုလက်ရှိပေါက်စျေး ဝါ(၁)ပိဿာလျှင်(၃၀၀၀- ၃၂၀၀)ကျပ်၊ ဂွမ်း(၁)ပိဿာလျှင် (၈၅၀၀-၈၉၀၀)ကျပ်တို့ဖြင့် ရောင်းဝယ်လျှက်ရှိပြီး စျေးကွက်အနေဖြင့် မြို့ပေါ် ပွဲရုံများဖြစ်သော နေလသုခပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချကြကြောင်း ၊ ပွဲရုံများမှ တဆင့် ဝါစက်များ၊ ချည်မျှင်ယက်ကန်းရုံများနှင့် မန္တလေးစက်မှု(၁)သို့ တင်ပို့ရောင်းချလျှက်ရှိကြောင်း၊ မျိုးကောင်း၊ မျိုးသန့်ဝါမျိုးစေ့များကို သက်ဆိုင်ရာစိုက်ပျိုးရေးဌာနမှ ရွေးချယ်ထုတ်ပေးရန် လိုအပ် ကြောင်း၊ တောင်သူများမှလည်း ဝါစိုက်ပျိုးရန်အတွက် အထွက်နှုန်းကောင်းမွန်အောင် မျိုးကောင်း မျိုးသန့် ဝါမျိုးစေ့များကို ရွေးချယ်စိုက်ပျိုးရန် လိုအပ်ကြောင်း၊ အထွက်နှုန်း ကောင်းမွန်ပါက တောင်သူများ မိုးဝါထွက်ပေါ်ချိန်တွင် အကျိုးအမြတ် ပိုမိုဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း မိုးဝါ စိုက်ပျိုး သော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)