
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ အနီးတစ်ဝိုက်ရှိ ကျွန်းဦး၊ ကျွန်းညို၊ ကံလှ ကျေးရွာများနှင့် မြစ်ခြေ၊ ကမ္မမြို့ ဥယျာဉ်ခြံမြေများတွင် သံပုရာသီးကို အများဆုံးစိုက်ပျိုးကြပါသည်။ သံပုရာပင်သည် နှစ်ရှည်ပင်ဖြစ်သည့် အတွက် တစ်ခါစိုက်ပျိုးပြီးလျှင်ပင် နှစ်ရှည်ထိုင်စား၍ရသော သီးနှံပင်ဖြစ်ပါသည်။ သံပုရာပင်ကို တစ်ချို့မှာ အိမ်ခြံဝန်းထဲတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသလို စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ သံပုရာပင်တစ်ပင်လျှင် ထွက်ရှိသော ပျမ်းမျှအသီးနှုန်းမှာ (၇၀-၉၀)အထိ ထွက်ရှိကြောင်း သိရသည်။ ပခုက္ကူဈေးကွက်သို့ အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ လာရောက်ရောင်းချကြပြီး ဈေးနှုန်း အနေဖြင့် တစ်လုံးလျှင် ကျပ်(၁၀၀-၁၅၀)ဈေးဖြင့် ရောင်းချ လျက်ရှိပါသည်။ သံပုရာသီးများကို ပခုက္ကူဈေးကွက်မှတစ်ဆင့် မြို့ပေါ်ရှိစားသောက်ဆိုင်များနှင့် ကုန်စိမ်းဈေးကွက်သို့လည်း တင်ပို့ရောင်းချကြောင်း သိရှိရသည်။
သံပုရာသီးကို ကျန်းမာရေးအရအသုံးပြုသလို အသုပ်မျိုးစုံပြုလုပ်ရာတွင်လည်း အသုံးပြုကြ ပါသည်။ ထို့ကြောင့် သံပုရာပင်စိုက်ပျိုးသော တောင်သူများအနေဖြင့် စိုက်ပျိုးရာတွင်လွယ်ကူပြီး စိုက်ပျိုးစရိတ်လည်းသက်သာ၍ နှစ်ပတ်လည်ဝင်ငွေများရရှိလာသဖြင့် အပိုဝင်ငွေများလည်း ရရှိလာကြောင်း သိရသည်။
DOCA(မကွေး)