Main menu

မြင်းခြံမြို့နယ်၏ တစ်ဧကမတ်ပဲစိုက်ပျိုးထုတ်လုပ်မှု

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်သည် အပူပိုင်းဒေသမိုးနည်းရပ်ဝန်းဒေသတစ်ခု ဖြစ်ပြီး ဆည်ရေသောက်အသင့်အတင့်ရှိ၍ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ ကိုစိုက်ပျိုးလျက်ရှိပါသည်။ ရာသီအလိုက်သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မြင်းခြံမြို့နယ်အနေဖြင့် မတ်ပဲဆောင်းသီးနှံကို(၆၃၀)ဧက စိုက်ပျိုးထားခဲ့ပြီး စိုက်ဧကအားလုံး ရိတ်သိမ်းနိုင်ခဲ့၍ တစ်ဧကလျှင်ပျမ်းမျှအထွက်နှုန်း(၁၁)တင်းနှုန်း ထွက်ရှိခဲ့ ကြောင်း ကြေးတိုင်နှင့်မြေ စာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။

            မတ်ပဲသီးနှံကို ဆောင်းရာသီဖြစ်သည့် အောက်တိုဘာ၊ နိုဝင်ဘာလနှင့်ဒီဇင်ဘာလတို့တွင် စိုက်ပျိုးကြပြီး၊ မတ်လ၊ ဧပြီလနှင့်မေလတို့တွင် ရိတ်သိမ်းထွက်ပေါ်ပါသည်။ စိုက်ပျိုးချိန်မှ(၄)လ အကြာတွင် ရိတ်သိမ်းရကြောင်း၊ ဒေသအနေဖြင့် အများဆုံးစိုက်ပျိုးသောမျိုးမှာ ရေဆင်း-၄ မျိုး ဖြစ်ပြီး စိုက်ပျိုးမှုပုံစံမှာ ပက်ကျဲစနစ်နှင့် စိုက်တန်းကျင်းဖော်၍ စိုက်ပျိုးမှုများရှိရာ စိုက်တန်း ကျင်းဖော်ပြီးစိုက်ပျိုးမှု များကြကြောင်း၊ တစ်ကျင်းလျှင်(၃-၄)လက်မခြား၍ ကျင်းအနက်တစ် မခန့် တစ်ကျင်းလျှင် မျိုးစေ့နှစ်စေ့ချ၍ စိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် မျိုးစေ့ကုန်ကျမှု အနေဖြင့်(၆-၈)ပြည်ခန့် ကုန်ကျကြောင်း၊ ပက်ကျဲစနစ်ဖြင့် စိုက်ပျိုးလျှင် (၁၀-၁၂)ပြည်ခန့် ကုန်ကျကြောင်း၊ တစ်ဧကစိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့်မျိုး၊ သွင်းအားစု၊ လုပ်သားခအပါ အဝင် စုစုပေါင်းကုန်ကျ စရိတ်(၆၃၀၀၀၀)ကျပ်ဝန်းကျင်ခန့် ကုန်ကျကြောင်း၊ ယခုနှစ်တွင်ဖြစ် ပေါ်ခဲ့သော ဈေးနှုန်းအရ တစ်ဧကတောင်သူအကျိုးအမြတ် အနေဖြင့်(၃၉၃၀၀၀)ကျပ်ခန့်ရရှိ ကြောင်း၊ မြို့နယ်အတွင်း စိုက်ပျိုး မှုများသောကျေးရွာများမှာ ခေါင်းကွဲ၊ တလုပ်၊ တောပုနှင့် ဆင်ချောင်းကျေးရွာများဖြစ်ပါသည်။ ဒေသ တွင်းကျေးရွာများမှ ထွက်ရှိသော မတ်ပဲများကို မြင်းခြံမြို့ရှိ ပွဲရုံများသို့ တင်သွင်းရောင်းချကြ ကြောင်း၊ ထိုမှတစ်ဆင့် မန္တလေးမြို့ နှင့်ရန်ကုန်ဘုရင့်နောင်ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြကြောင်း နှင့် ၂၀၂၅ ခုနှစ်၊ ဇွန်လဒုတိယပတ် တွင် မြင်းခြံဈေးကွက်တွင် ဖြစ်ပေါ်နေသော မတ်ပဲဈေးနှုန်းများ အနေဖြင့် တစ်တင်းလျှင် (၉၃၀၀၀-၉၃၅၀၀)ကျပ် ဈေးများရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)