Main menu

မလေးရှားနိုင်ငံ၌ စားအုန်းဆီ ထုတ်လုပ်မှုများပြားပြီး သိုလှောင်မှုလက်ကျန် မြင့်တက်

Powered by Drupal

     မလေးရှားနိုင်ငံတွင် ၂၀၂၅ ခုနှစ် မေလ၌ ပြည်ပသို့ စားအုန်းဆီတင်ပို့မှုသည် ၆ လ‌အတွင်း အမြင့်မားဆုံးသို့ ရောက်ရှိခဲ့သော်လည်း ပြည်တွင်းစားအုန်းဆီထုတ်လုပ်မှုနှင့် ပြည်ပမှတင်သွင်း ဝင်ရောက်မှုတို့ များပြားလာသဖြင့် မေလ သိုလှောင်မှုလက်ကျန်သည် ၈ လတာအတွင်း အများဆုံး ပမာဏအဖြစ် မြင့်တက်ခဲ့ကြောင်း မလေးရှား စားအုန်းဆီလုပ်ငန်း ကြီးကြပ်မှုအဖွဲ့ (MPOB) ၏ ဇွန် ၁၀ ရက်နေ့ထုတ်ပြန်ချက်အရ သိရှိရသည်။

      မလေးရှား၏ မေလကုန် စားအုန်းဆီ သိုလှောင်မှုလက်ကျန်သည် ယခင်လကထက် ၆.၆၅ ရာခိုင်နှုန်း ပိုမိုခဲ့ပြီး ၃ လဆက်တိုက် မြင့်တက်မှုအဖြစ် တန်ချိန် ၁.၉၉ သန်းသို့ ရောက်ရှိခဲ့သည်။ ၎င်းပမာဏသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလနောက်ပိုင်း၌ အများဆုံးဖြစ်သည်။

      စားအုန်းဆီကြမ်း ထုတ်လုပ်မှုသည် တတိယလ ဆက်တိုက်မြင့်တက်လျက် တန်ချိန် ၁.၇၇ သန်းရှိခဲ့ရာ ဧပြီလ၌ ထုတ်လုပ်မှုထက် ၅.၀၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ပြည်ပသို့ စားအုန်းဆီ တင်ပို့မှုမှာ မေလတွင် တန်ချိန် ၁.၃၉ သန်းရှိပြီး ယခင်လကထက် ၂၅.၆ ရာခိုင်နှုန်း ပိုမိုခဲ့ကြောင်း၊ ယခင်နှစ် နိုဝင်ဘာလနောက်ပိုင်း၌ အများဆုံး တင်ပို့နိုင်သည့်လ ဖြစ်ကြောင်း၊ ပြည်ပမှ ပြုပြင်ပြီး စားအုန်းဆီ ပြန်လည်တင်သွင်းမှု ပမာဏသည်လည်း ဧပြီလ၌ ၅၈၂၉၂ တန်ရှိရာမှ မေလတွင် ၆၈၉၇၁ တန်သို့ မြင့်တက်ခဲ့ကြောင်း MPOB အဖွဲ့က ဖော်ပြသည်။

     ရိုက်တာသတင်းဌာန၏ စစ်တမ်းကောက်ယူမှု၌ မလေးရှားနိုင်ငံ၏ ၂၀၂၅ ခုနှစ် မေလအတွက် စားအုန်းဆီ ထုတ်လုပ်မှုသည် တန်ချိန် ၁.၇၄ သန်း၊ တင်ပို့မှုသည် တန်ချိန် ၁.၃ သန်းနှင့် သိုလှောင်မှုလက်ကျန်သည် တန်ချိန် ၂.၀၁ သန်း ရှိနိုင်မည်ဟု ခန့်မှန်းထားသည်။

   MPOB အဖွဲ့၏ အစီရင်ခံစာအရ စားအုန်းဆီ ကုန်သွယ်ရောင်းဝယ်မှုသည် အနည်းငယ် သွက်လက်မှုရှိလာကြောင်း၊ စားအုန်းဆီလက်ကျန်သည် တန်ချိန် ၂ သန်းခန့်အထိ မြင့်တက်လာနိုင် သည်ဟု ယခင်ကတည်းကပင် ဈေးကွက်အတွင်း ခန့်မှန်းထားကြကြောင်း၊ ရှေ့လာမည့်လများတွင် ထုတ်လုပ်မှုပမာဏ အမြောက်အမြား မြင့်တက်ခြင်းမရှိပါက ထိပ်တန်းဝယ်ယူသူဖြစ်သော အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားသည် ဈေးကွက်ကို အထောက်အပံ့ပြုမည်ဖြစ်ကြောင်းဖြင့် အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့အခြေစိုက် Sunvin Group စားသုံးဆီရောင်းဝယ်လုပ်ငန်းမှ သုတေသနအကြီးအကဲ Anilkumar Bagani က ပြောဆိုခဲ့သည်။

    အိန္ဒိယအစိုးရသည် စားသောက်ကုန်ဈေးနှုန်းများ လျှော့ချရန်နှင့် ပြည်တွင်းရှိ ဆီသန့်စင် ပြုပြင်သည့်လုပ်ငန်းများကို ကူညီပံ့ပိုးရန်အတွက် ဇွန်လဆန်းပိုင်းမတိုင်မီ၌ စားသုံးဆီကြမ်းများ တင်သွင်းမှုအပေါ် စည်းကြပ်သည့် အခြေခံအကောက်ခွန်ကို ၁၀ ရာခိုင်နှုန်း လျှော့ချပေးခဲ့သည်။ လွန်ခဲ့သော သီတင်းပတ် အနည်းငယ်ကစ၍ စားအုန်းဆီ ဈေးနှုန်းသည် ပြိုင်ဖက် ပဲပုပ်ဆီထက် လျော့နည်းလျက်ရှိရာ ထုတ်လုပ်မှု အမြင့်မားဆုံးကာလ၌ပင် ဝယ်ယူတင်သွင်းရန် ဝယ်လက်များ အား စတင်ဆွဲဆောင်လျက်ရှိသည်ဟု မွမ်ဘိုင်းအခြေစိုက် အခြားကုန်သည်တစ်ဦးကလည်း ပြောကြားခဲ့သည်။

Source: The Star, 10 Jun 20252025 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)