
ဂုံပင်တွင် သတ္တုဓာတ်များ၊ ဗီတာမင်နှင့် တန်ဖိုးမြင့်သည့် အဟာရဓာတ်များစွာ ပါဝင်သည်။ ဂုံပင်သည် သဘာဝကပေးသော အစာနှင့် ဆေးပင်ဖြစ်သည်။ မိုးဦးကျကာလတွင် ဟင်းနုနယ်ရွက်၊ ကင်းပုံရွက်၊ ဂုံရွက်၊ ဆူးပုတ်ရွက်နုကလေးများကိုခူးယူ၍ ဟင်းချိုထက် သောက်လေ့ရှိသလို အရွက်ကြော်ဖြစ်လည်း ကြော်ချက်စားသောက်ကြသည်။ ဂုံပင်သည် ချုံနွယ်သဖွယ်အလေ့ကျ ပေါက်ပင်ဖြစ်ပြီး နေရာဒေသအနှံ့အပြားပေါက်ရောက်တတ်ပါသည်။ ဂုံချို၊ဂုံခါး ပင်ဟူ၍(၂)မျိုးရှိပြီး ဂုံချိုရွက်သာ စားသုံး၍ရပါသည်။ ဂုံချိုရွက်သည် နူးညံ၍ ဆိမ့်သော အရသာရှိပါသည်။ ယခုလို မိုးတွင်းကာလများတွင် ပေါပေါများများ ခူးယူရောင်းချကြသည်။ နွေရာသီတွင် ဂွေးတောက်ရွက် ပေါ်သလို မိုးရာသီတွင် ဂုံရွက်ပေါ်သည်။ ဂုံရွက်နုများကို ရေစင်အောင်ဆေး၍ ကင်းပုံရွက်၊ ဆူးပုတ်ကလေးရွက်နှင့်ရော၍ ပဲဟင်းချိုရေချက် သောက်ကြသလို အရွက်စုံကြော်အဖြစ် ချက်ပြုတ်၍ စားသောက်ကြသည်။ ဂုံရွက်သည် နာမည်နှင့် လိုက်အောင် ဂုံတင့်တယ်လှသည်။ အလွန်ချိုဆိမ့်၍ ထမင်းမြိန်သော ဟင်းလျာတမျိုးဖြစ်သည်။ ရာသီစာ ဂုံရွက်ဟင်းချိုနှင့် စောင်ဂျမ်းချဉ်ကြော်သည် လိုက်ဖက်ညီပြီး ထမင်းမြိန်စေပါသည်။ ဂုံရွက် (၂၅) ကျပ်သားလျှင် (၁၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရှိရပါသည်။
DOCA(မန္တလေး)