
၂၀၂၅ ခုနှစ်၏ ပထမ ၄ လတွင် ဥရောပသမဂ္ဂ(EU)သို့ ကမ္ဘောဒီးယား၏တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၁.၄၄၉ ဘီလီယံတန်ဖိုးတင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ် ပါက ၂၃ ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံစီးပွားကူးသန်း ဝန်ကြီးဌာန၏ ဇွန်လ ၁၀ ရက်နေ့ကထုတ်ပြန်ချက်အရ ထို ၄ လတာကာလအတွင်း ကမ္ဘောဒီးယား၏ EU ထံမှတင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၂၅၃ သန်းတန်ဖိုးရှိပြီး ၈.၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းသိရပါသည်။ အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁.၇၀၃ ဘီလီယံ တန်ဖိုးရှိပြီး ၁၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ စပိန်နှင့် ဂျာမနီသည် EU တွင် ကမ္ဘောဒီးယား၏အကြီးမားဆုံးကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး အပြန်အလှန် ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၃၈ သန်းနှင့် အမေရိကန်ဒေါ်လာ ၃၃၇ သန်းတန်ဖိုး အသီးသီးရှိကြောင်း အစီရင်ခံစာအရသိရပါသည်။ EU ရှိအခြားဦးတည်ရာမိတ်ဖက်များမှာ ပြင်သစ်၊ ဘယ်ဂျီယမ်နှင့် နယ်သာလန်တို့ဖြစ်ကြောင်း သိရပါသည်။ ထို ၄ လတာကာလအတွင်း ကမ္ဘောဒီးယား၏ နိုင်ငံတကာကုန်သွယ်မှုတန်ဖိုးစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၉.၇၂ ဘီလီယံတန်ဖိုးရှိသည့်အတွက် နိုင်ငံ၏ EU နှင့်ကုန်သွယ်မှုတန်ဖိုးမှာ စုစုပေါင်းကုန်သွယ်မှုတန်ဖိုး ၏ ၈.၆ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ စီးပွားကူးသန်းဝန်ကြီးဌာန၏ နိုင်ငံတော်အတွင်း ရေးမှူး Penn Sovicheat က တင်ပို့မှုတွင် ထိုသို့စဉ်ဆက်မပြတ်တိုးချဲ့နိုင်မှုသည် ဥရောပ ဈေးကွက်တွင် ကမ္ဘောဒီးယားထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကြီးထွားလာမှုကို ညွှန်ပြနေ ကြောင်း ပြောကြားခဲ့ပါသည်။ EU သို့ ကမ္ဘောဒီးယား၏အဓိကပို့ကုန်များတွင် အဝတ်အထည်၊ ဖိနပ်၊ စက်ဘီးများ၊ စားသောက်ကုန်များ၊ ဆန်နှင့် အခြားစိုက်ပျိုးရေးထုတ်ကုန်များပါဝင်ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံသည် ထို ၄ လတာကာလအတွင်းအမေရိကန်ဒေါ်လာ ၃၀၉ သန်းတန်ဖိုးရှိသော ထုတ်ကုန်များကို ယူကေသို့တင်ပို့ခဲ့ပြီး ၉.၅ ရာခိုင်နှုန်းမြင့်တက် ခဲ့ကြောင်း သိရပါသည်။
Khmer Times
DOCA (ရန်ကုန်)