Main menu

ပခုက္ကူမြို့၌ ဒေသတွင်းတစ်နိုင်တစ်ပိုင် မြေပဲဆုံဆီလုပ်ငန်းများ တွင်ကျယ်စွာလုပ်ကိုင်လျက်ရှိ

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဆောင်သော  ဝန်ထမ်းများအဖွဲ့သည် ပခုက္ကူမြို့၌ ပြည်တွင်းဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ (၆.၆.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင်  ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက် ရှိ “မြန်မာ့ရိုးရာ”မြေပဲဆုံဆီလုပ်ငန်း၏ ကြိတ်ခွဲထုတ်လုပ်မှု၊ ရောင်းချမှုအခြေအနေ၊ ဈေးနှုန်း/ ဈေးကွက်များအား ကွင်းဆင်းမေးမြန်းခဲ့ကြောင်း သိရှိရသည်။

      “မြန်မာ့ရိုးရာ” ဆုံဆီလုပ်ငန်းရှင်မှ မြေပဲဆုံဆီလုပ်ငန်းကို တည်ထောင်ခဲ့သည်မှာ (၆/၇)နှစ် ခန့်ရှိပြီဖြစ်ကြောင်း၊  ယခင်ကထက်တိုးချဲ့၍ ဆုံ(၆)လုံးတွဲဖြင့် ကြိတ်ခွဲနေရကြောင်း၊ မီးလာသည့် အချိန်ပေါ်တွင်မူတည်၍ တစ်နေ့လျှင် (၂၅)ပိဿာဝင် မြေပဲအိတ်(၈/၉)အိတ်ခန့် ကြိတ်ခွဲ ရကြောင်း၊ အိမ်တွင် ပဲခွဲစက်ရှိ၍ လုပ်သားများခေါ်ပြီး ပဲရွေးသန့်စင်ကြောင်း၊ လုပ်သားဦးရေ(၅)ဦး ခန့်ရှိပြီး လုပ်အားခအနေဖြင့် ကျားတစ်ဦးလျှင် ကျပ်(၁၀၀၀၀)၊ မတစ်ဦးလျှင် ကျပ်(၈၀၀၀) ပေးရကြောင်း၊ ဆုံဆီ၏ အရည်အသွေးကိုလည်း အာမခံကြောင်း၊ မြေပဲဆံကို နဝလီ အငှားမကြိတ်ဘဲ “မြန်မာ့ရိုးရာ” အမှတ် တံဆပ်ဖြင့်သာ (၁/၃/၅/၁၀)ပိဿာဝင် ဘူးများဖြင့်ရောင်းချကြောင်း၊ ကုန်ကြမ်း မြေပဲဆံကို မြို့ပေါ်ရှိ မြေပဲပွဲရုံများနှင့် ပခုက္ကူမြို့နယ်ရှိ ကိုင်း၊ အင်ပင်၊ ချောက် ကန်ကျေးရွာ၊ ညောင်ဦးနယ်ရှိ ပျော့ကန်၊ ငါ့သရောက်ကျေးရွာမှ တောင်သူများက အိမ်သို့ လာရောက်ရောင်းချကြောင်း၊ မြေပဲ လုံးဆန်ကို တစ်ပိဿာလျှင် ကျပ်(၉၅၀၀-၉၆၀၀)ဖြင့် ဝယ်ယူရကြောင်း၊ မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ်(၁၉၀၀၀)ဖြင့် ရောင်းချ၍ ပဲဖတ်တစ်ပိဿာလျှင် ကျပ်(၄၆၀၀/၄၇၀၀)ဖြင့် ပွဲစားများက အိမ်သို့ လာရောက်ဝယ်ယူကြကြောင်း၊ (၁)ဆုံလျှင် (၁)နာရီ မှ (၁)နာရီမိနစ်(၃၀)ခန့်ကြာမြင့်ပြီး တစ်နေ့လျှင် ဆုံ(၆)လုံးဖြင့် ကြိတ်ခွဲရာ အရေအတွက်မှာ (၂၅-၃၀)ဆုံခန့် ပြီးမြောက်ကြောင်း၊ မြေပဲဆုံဆီ လုပ်ငန်းအနေဖြင့် ယခုနှစ်သည်ယခင်နှစ်ကထက် ပိုမိုတွင်ကျယ်စွာ ကြိတ်ခွဲလုပ်ကိုင်နေရကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူမြို့မဈေး၊ ကုန်စုံဆိုင်နှင့် စူပါမားကတ်များအပြင် ရန်ကုန်၊ မန္တလေးနှင့် မိုးကုတ်မြို့များသို့ အမှာရှိလျှင်လည်း တင်ပို့ရောင်းချရကြောင်း သိရှိရပါသည်။

DOCA(မကွေး)