Main menu

ပေါ်ဦးပေါ်ဖျားအင်ဥ

Powered by Drupal

    မိုးဦးကာလ အချိန်အခါသမယ ရောက်ရှိလာသည်ဖြစ်၍ ရာသီစာမှိုအပြင် အင်ဥ(ခေါ်) မှိုဥများကိုလည်း ဈေးကွက် အတွင်းရောင်းချကြသည်ကိုတွေ့ရပါသည်။အင်ဥဆိုသည်မှာ အင်ပင်များအောက်တွင်  အင်ပင်အမြစ်များနှင့် ဆက်စပ်၍ပေါက်ရောက်နေသော မှိုတစ်မျိုး ဖြစ်ပါသည်။ အင်ဥမှာ မှိုမျိုးနွယ်ဝင် မြေအောက် မှိုတစ်မျိုးဖြစ်သောကြောင့် မှိုများကဲ့သို့ပင် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့် အာဟာရဓာတ်များ ပါဝင်ပါသည်။ သို့သော် အင်ဥတွင် ယူရစ်အက်ဆစ်ဓာတ် ပေါများစွာပါဝင်သောကြောင့် လေးဘက်နာရောဂါသမားများနှင့် ဂေါက်ရောဂါသမားများ သတိထားစားသုံးသင့်ပါသည်။ မြန်မာနိုင်ငံတွင် မိုးဦးကာလ မေနှင့် ဇွန်လများ၌ ပဲခူးရိုးမ တစ်ကြောအင်တိုင်းမြေများနှင့် အခြားသောအရပ်ဒေသများတွင် အင်ဥများ လှိုင်လှိုင်ထွက်ပေါ် တတ်ကြပါသည်။ အင်ဥပေါ်သည့်ရာသီတွင် အင်ဥကောက်သူ များသည် တစ်ဆင့်ခံရောင်းချသူများထံသို့ နို့ဆီတစ်ဗူးလျှင်  ပျှမ်းမျှ (၁၀၀၀) ကျပ်နှုန်းဖြင့် လက်ကားဈေးပေး၍ ဖြန့်ဖြူးရောင်းချကြပါသည်။ကယားပြည်နယ် လွိုင်ကော်မြို့ သီရိမင်္ဂလာ ဈေးကြီးတွင် အင်ဥများကိုတစ်ဗူးလျှင် ကျပ်(၁၅၀၀ မှ ၂၀၀၀) အထိအရောင်း အဝယ်ဖြစ်လျက် ရှိပါကြောင်း ဈေးသည်များနှင့် ဈေးဝယ်အချို့ထံမှ သိရှိရပါသည်။

DOCA(ကယား)