
ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) အဖွဲ့ဝင်နိုင်ငံများနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ် ပထမလေးလပတ်တွင် အမေရိကန်ဒေါ်လာ ၁၂.၉၂ ဘီလီယံအထိ ရှိလာခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ဒေါ်လာ ၁၁.၁၉ ဘီလီယံမှ ၁၅.၄ ရာခိုင်နှုန်း တိုးလာကြောင်း တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ RCEP အဖွဲ့ဝင် နိုင်ငံများသို့ နိုင်ငံတော်၏ ပို့ကုန်တန်ဖိုးမှာ ယခုနှစ် ဇန်နဝါရီမှ ဧပြီလအတွင်း ကန်ဒေါ်လာ ၃.၆၁ ဘီလီယံရှိပြီး ယမန်နှစ် အလားတူကာလထက် ကန်ဒေါ်လာ ၃.၃၆ ဘီလီယံမှ ၇ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ကြောင်း အကောက်ခွန်နှင့် စည်းကြပ်ခွန်ဦးစီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထား သည်။ ထိုအတောအတွင်း RCEP အဖွဲ့ဝင်နိုင်ငံများမှ တင်သွင်းမှုသည် စုစုပေါင်းဒေါ်လာ ၉.၃၁ ဘီလီယံရှိပြီး ဒေါ်လာ ၇.၈၃ ဘီလီယံမှ ၁၈.၉ ရာခိုင်နှုန်း တိုးလာသည်ဟု အစီရင်ခံစာတွင် ဖော်ပြ ထားသည်။ RCEP အောက်တွင် ကမ္ဘောဒီးယား၏ ထိပ်တန်းကုန်သွယ်ဖက်ငါးနိုင်ငံမှာ တရုတ်၊ ဗီယက်နမ်၊ ထိုင်း၊ ဂျပန်နှင့် အင်ဒိုနီးရှားတို့ဖြစ်သည်။ RCEP သည် ၂၀၂၂ ခုနှစ်တွင် စတင် အသက်ဝင်ခဲ့ပြီး အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ အပါအဝင် အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံ ၁၅ နိုင်ငံနှင့် ၎င်းတို့၏ ကုန်သွယ်ဖက်ငါးနိုင်ငံဖြစ်သည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် နယူးဇီလန်တို့ပါဝင်သည်။ ကမ္ဘောဒီးယား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ နိုင်ငံခြားရေး၀န်ကြီးနှင့် ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က RCEP သည် အမေရိကန်၏ အခွန်စည်းကြပ်မှုများ မြင့်တက်နေချိန်တွင် ကမ္ဘာလုံး ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်ဟု ပြောကြားခဲ့ သည်။ RCEP သည် ရေရှည်ပို့ကုန်တိုးတက်မှုအတွက် အထောက်အကူဖြစ်ပြီး ကမ္ဘောဒီးယားသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်ရန် အားထားရာဖြစ်ကြောင်း ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားတော်ဝင်အကယ်ဒမီလက်အောက်ရှိ နိုင်ငံတကာ ဆက်ဆံရေးအင်စတီကျု၏ ညွှန်ကြားရေးမှူးချုပ် Kin Phea က အမေရိကန်၏ ကုန်သွယ်မှု ကာကွယ်ရေးစနစ်ကြောင့် ကမ္ဘာ့အကြီးဆုံးကုန်သွယ်မှုစာချုပ်သည် ကမ္ဘာ့ကုန်သွယ်မှုကို မြှင့်တင်ရာတွင် ပိုမိုအရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသည်ဟု ပြောကြားခဲ့သည်။
Source : Xinhua
DOCA(ရန်ကုန်)