
ငှက်ပျောဖူးဆိုသည်မှာ ငှက်ပျောပင်မှငှက်ပျောသီးသီးရန်အတွက် ငှက်ပျောပင်အလယ်မှ ထွက်ပေါ်လာသော ငှက်ပျောပန်းခိုင်ဖူးဖြစ်ပါသည်။ ငှက်ပျောပန်းခိုင်ဖူးသည် အညိုရောင်သံလျပ် ပုံသဏ္ဍာန်ဖြစ်ပြီး ငှက်ပျောပန်းခိုင်ဖူးမှာ အရင်းမှရိုးတံသည်တဖြည်းဖြည်း ရှည်ထွက်လာပါသည်။ ငှက်ပျောပန်းခိုင်ဖူးမှ ငှက်ပျောသီးများသီးလာပြီးငှက်ပျောခိုင်များ ဖြစ်လာပါသည်။ ၎င်းငှက်ပျော ခိုင်၏ ထိပ်ဖူးမှငှက်ပျောဖူးကိုဓားနှင့်ခုတ်ပစ်ရပါသည်။ ၎င်းငှက်ပျောဖူးများကို မစွန့်ပြစ်ဘဲ ငှက်ပျောဖူးဟင်းလျာအဖြစ် ဈေးကွက်သို့တင်ပို့ရောင်းချလျက်ရှိပါသည်။ အများအားဖြင့် ရခိုင် ငှက်ပျောဖူးနှင့် ဖီးကြမ်းငှက်ပျောဖူးကို စားသုံးကြပါသည်။ ငှက်ပျောဖူးကို ပြုတ်၍အတို့အမြုပ် လုပ်၍ဖြစ်စေ၊ အသုပ်သုပ်၍ဖြစ်စေစားသုံးကြသလို ငှက်ပျောဖူးကိုချက်၍ဟင်းလျာအဖြစ်လည်း ကောင်း၊ အချဉ်တည်၍လည်း စားသုံးကြပါသည်။
ငှက်ပျောဖူးမှာ ethanol ပါဝင်နေတာကြောင့် ဘက်တီးရီးယားပေါက်ဖွားခြင်းကို ကာကွယ်ပေးခြင်း၊ ကူးစက်တတ်သည့် ရောဂါပိုးများ ဝင်ရောက်ကူးစက်ခြင်း အားကာကွယ် ပေးခြင်းနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝခြင်းကြောင့် ကင်ဆာရောဂါအပါအဝင် နာတာရှည် ရောဂါကိုလည်း ကာကွယ်ပေးပြီး အိုမင်းရင့်ရော်ခြင်းကိုလည်း ကာကွယ်ပေးပါသည်။ ငှက်ပျောဖူးမှာ ကောင်းကျိုးများစွာရှိခြင်းကြောင့် အများပြည်သူစားသုံးမှုများ များပြားပြီး နေ့စဉ် အရောင်းအဝယ်ကောင်းသော ဟင်းသီးဟင်းရွက် အသီးအနှံတစ်မျိုးအဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုတစ်ပတ်အတွင်းဖြစ်ပေါ်နေသော ဈေးနှုန်းမှာ တစ်ဖူးလျှင် ၁၀၀၀ မှ ၁၅၀၀ ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(မန္တလေး)