
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ရာသီပေါ်သီးနှံများကို မိသားစု တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် ကန့်ဘလူမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ ဦးသိန်းနိုင်၏ ငရုတ်စိုက်ခင်းသို့ ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။
လုပ်ငန်းရှင်၏ ပြောပြချက်အရ ငရုတ်စိုက်ပျိုးနိုင်ရန်အတွက် ဦးစွာငရုတ်ပျိုးပင်များကို မိမိကိုယ်တိုင် အိမ်မှာပျိုးထောင်းကြောင်း၊ ဧကဝက်ခန့်ရှိ မြေပေါ်တွင် စိုက်ကျင်းပေါင်း (၃၅၀၀) ကျော်တူးပြီး မြေဆွေးထည့်ကာ အရန်သင့်စိုက်ပျိုးနိုင်ရန်အတွက် မြေပြုခြင်းကို ကြိုတင်ဆောင်ရွက် ထားရကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် မရှိမဖြစ်အရေးကြီးသည့် ရေကိုအဝီစိတွင်းမှအသုံးပြု ကြောင်း၊ ယခုစိုက်ပျိုးထားသည့် ငရုတ်မျိုးမှာ အောက်ဆွဲငရုတ်မျိုးနှင့် မိုးထောင်ငရုတ်မျိုးများ ဖြစ်ကြောင်း၊ ငရုတ်သီးသည် စတင်စိုက်ပျိုးပြီး ရက်ပေါင်း(၉၀)ခန့်အကြာတွင် အသီးများကိုစတင် ခူးဆွတ်ရကြောင်း၊ ငရုတ်သီးများကို နေရောင်ခြည်ဖြင့်အခြောက်ခံ၍ ကန့်ဘလူမြို့ပေါ်၌သာ ရောင်းချလျက်ရှိကြောင်း၊ ယခုအခါ ငရုတ်သီး အတောင့်ခြောက်(၁)ပိဿာလျင် (၁၆၀၀၀မှ ၁၈၀၀၀) ကျပ်ဖြင့် ရောင်းချရသည့်အတွက် စိုက်ပျိုးသူများအနေဖြင့် ထိုက်သင့်သည့် အကျိုးအမြတ်များရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)