
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဈေးသည်များ၊ ဈေးဝယ်သူများနှင့် စည်ကားသိုက်မြိုက်လျက်ရှိပြီး မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံကို ရောင်းချသည့်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုရာမှ ဒူးရင်းသီးကိုလည်း မန္တလေးမြို့မှ မှာယူ ရောင်းချပြီး အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်းသိရသည်။
ဒူးရင်းသီးပင်သည် မြန်မာပြည်တောင်ပိုင်းဒေသများဖြစ်သည့် မွန်၊ ကရင်နှင့်တနင်္သာရီဒေသများ တွင် စိုက်ပျိုးဖြစ်ထွန်းကာ ဒူးရင်းသီးလှိုင်လှိုင်ထွက်ရှိပါသည်။ ဒူးရင်းသီးမှာ အမျှင်ဓါတ် ကြွယ်ဝစွာ ပါဝင် နေခြင်းကြောင့် အူမကြီးလှုပ်ရှားမှုကိုကောင်းမွန်စေပြီး ဝမ်းမှန်စေနိုင်သလို အစာခြေစနစ်ကို ကျန်းမာစေ ပါသည်။ လေပွခြင်း၊ လေခံခြင်း၊ ရင်ပူခြင်းများ မဖြစ်ပေါ်စေရန် ကာကွယ်ပေးခြင်းနှင့် နှလုံးသွေးကြော ဆိုင်ရာရောဂါများမဖြစ်ပေါ်စေရန် ကာကွယ်ပေးခြင်းစသည့် ကျန်းမာရေးအကျိုးအာနိသင်များ ရှိသည်ကို သိရပါသည်။
ယခု ၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဒူးရင်းသီး ဈေးနှုန်းများမှာ ဒူးရင်းသီး အလုံးကြီးတစ်လုံးလျှင် ၅၀,၀၀၀ ကျပ်၊ ဒူးရင်းသီး အလုံးသေး တစ်လုံးလျှင် ၃၅,၀၀၀ ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။
DOCA(စစ်ကိုင်း)