Main menu

မိတ္ထီလာဈေးကွက်၌ ဖြစ်ပေါ်နေသော ဆီထွက်သီးနှံဈေးနှုန်း၊ဈေးကွက်အခြေအနေ

Powered by Drupal

    မိတ္ထီလာခရိုင်အတွင်း (မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်း၊ ဝမ်းတွင်း) မြို့နယ်များတွင် ဆီထွက် သီးနှံဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာကို မိုး၊ ဆောင်းရာသီနှစ်မျိုးစလုံး စိုက်ပျိုးကြပြီး ထွက်ရှိသော သီးနှံများကို ဒေသတွင်းစားသုံးမှုအတွက် ကြိတ်ခွဲထုတ်လုပ်ကြသည့်အပြင် ရန်ကုန်၊ မန္တလေးမြို့ များသို့ တင်ပို့ရောင်းချကြကြောင်းသိရသည်။

    ဆီထွက်သီးနှံများမှ မိုးမြေပဲ၊ မိုးနှမ်းကို အဓိကစိုက်ပျိုးကြကြောင်း၊ ဈေးကွက်အနေဖြင့် ရာသီချိန် မဟုတ်သော်လည်း မိတ္ထီလာမြို့ပေါ်ရှိ ပွဲရုံများတွင် အရောင်းအဝယ် အသင့်အတင့်ဖြစ်လျက် ရှိကြောင်း၊ မေလတတိယပတ်တွင် မြေပဲဆံ တစ်ပိဿာ(၉၀၀၀-၁၀၀၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာ လျှင် (၁၈၀၀၀) ကျပ်၊ ပဲဖက်တစ်ပိဿာလျှင် (၅၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့် ကာလတူ နှိုင်းယှဉ်လျှင် မြေပဲဆံတစ်ပိဿာလျှင် (၁၀၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၀၀၀) ကျပ် ခန့်မြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ဈေးကွက်လက်ကျန် နည်းခြင်း၊ မန္တလေးမှ လုံးဆံ အဝယ်လိုက်ခြင်းကြောင့် ဖြစ်သည်ဟုသီးနှံပွဲရုံများမှသိရသည်။

     နှမ်းညိုနှင့် နှမ်းနီကို အများဆုံးစိုက်ပျိုးကြကြောင်း၊ မိတ္ထီလာမြို့နယ်ရှိ မြင်းတဲ၊ တောင် ချောင်း၊ သပြေပင်၊ တောင်သေကျေးရွာများနှင့် သာစည်၊ မလှိုင်မြို့နယ်ရှိ ကျေးရွာများမှလည်း ဈေးကွက်သို့ ဝင်ရောက်လျက်ရှိကြောင်း၊ မိတ္ထီလာမြို့ရှိ ပွဲရုံများတွင် တစ်ပတ်လျှင် အိတ်ရေ (၅၀၀-၆၀၀) ခန့် ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မေလတတိယအပတ်တွင် နှမ်းညိုတစ်တင်းလျှင် (၉၈၀၀၀-၁၀၀၀၀၀) ကျပ်၊ နှမ်းနီတစ်တင်းလျှင် (၁၀၅၀၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ နှမ်းဖက်တစ်ပိဿာလျှင် (၄၂၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့် ကာလတူ နှိုင်းယဉ်လျှင် နှမ်းဈေးကွက်များ တည်ငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် နှမ်းကို မန္တလေးသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

      နေကြာသီးနှံကို မိုး၊ ဆောင်းရာသီနှစ်မျိုးစလုံး စိုက်ပျိုးကြရာမှ  ဆောင်းနေကြာကို အများဆုံး စိုက်ပျိုးကြကြောင်း၊ ဆောင်းနေကြာကို အောက်တိုဘာလတွင် စိုက်ပျိုးပြီး ဖေဖော်ဝါရီလတွင် ရိတ်သိမ်းကြောင်း၊ ဈေးကွက်အနေဖြင့် မြို့ပေါ်ရှိပွဲရုံများသို့ ရောင်းချကြကြောင်း၊ ပွဲရုံများတွင် ဒေသတွင်း ဆီစက်များမှ အများဆုံးဝယ်ယူကြကြောင်း၊ မေလတတိယအပတ်တွင် နေကြာတစ်ပိဿာ လျှင် (၆၃၀၀-၆၅၀၀) ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်၊ နေကြာဖက်တစ်ပိဿာလျှင် (၂၂၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့် ကာလတူနှိုင်းယှဉ်လျှင် ဈေးနှုန်းတည် ငြိမ်နေကြောင်း သီးနှံပွဲရုံများနှင့် ဆီစက်လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(မန္တလေး)