
ရွှေပဲသီး သီးနှံသည် မြန်မာနိုင်ငံသမပိုင်းဒေသများတွင် နွေနှင့် မိုးဦးကာလများ၌ စိုက်ပျိုးနိုင်ကြောင်း၊ ၎င်းသီးနှံသည် အပူပိုင်းနှင့် သမပိုင်းရာသီဥတုကို ကြိုက်နှစ်သက်သော အပင်ဖြစ်ပြီး၊ စိုက်ပျိုးသည့်ဒေသနှင့်ရာသီအလိုက် အထွက်နှုန်းများကွဲပြားလျက်ရှိကြောင်း သိရသည်။ စိုက်ပျိုးချိန်မှ ထွက်ပေါ်ချိန်အထိ (၄-၅) လကြာမြင့်ကြောင်း၊ရွှေပဲရွက်များကို စိုက်ပျိုးပြီး (၂ )လ အကြာတွင် အညွှန့်များ ခူးနိုင်၍၊ ရွှေပဲသီးအနုများကို စိုက်ပျိုးပြီး (၃)လအကြာတွင် ခူးဆွတ်ပြီးဈေးကွက်တွင် ရောင်းချကြောင်း သိရသည်။ မြင်းခြံမြို့အတွင်းရှိ အေးမြသီတာဈေးတွင် ရောင်းချနေသော ရွှေပဲသီး ၂၅ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ တစ်ပိဿာလျှင်(၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ရွှေပဲသီးများကို မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့တို့မှ တင်သွင်း၍ မြင်းခြံမြို့နယ်အတွင်း ပြည်သူများစားသုံးရန်နှင့် မြို့ပေါ်ရှိ စားသောက်ဆိုင်များမှ အများဆုံးဝယ်ယူကြောင်း သိရှိရသည်။ ကျန်းမာရေး အကျိုးကျေးဇူးအနေဖြင့် ပရိုတင်းဓာတ်ကြွယ်ဝသောကြောင့် ကြွက်သားနှင့် တစ်သျှူးများ ဖွံ့ဖြိုးပြီး ကယ်လ်ဆီယမ်နှင့် သံဓာတ်ပါဝင်သောကြောင့် အရိုးများသန်မာပြီး သွေးအားနည်းရောဂါကို ကာကွယ်ပေးကြောင်း သိရသည်။ ရွှေပဲသီးပင်သည် အရွက်အသီးအပွင့် စသည့်အစိတ်အပိုင်း အားလုံးစားသုံးနိုင်ပြီး အာဟာရပြည့်ဝသော အပင်ဖြစ်ကြောင်း သိရှိရသည်။
DOCA(မန္တလေး)