Main menu

ပခုက္ကူဈေးကွက်တွင် ကုလားပဲဈေးဆက်လက်မြင့်တက်

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ  ၂၀၂၅ခုနှစ်၊ မေလ(တတိယပတ်)တွင် ပြည်တွင်းသုံးကုလားပဲဈေးကွက် ဈေးဆက်လက်မြင့်တက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက်သို့ ကုလားပဲသီးနှံစိုက်ပျိုးရာ ဒေသများဖြစ်သော ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြစ်ခြေ၊ ကမ္မ၊ မြိုင်၊ ပေါက်၊ ရေစကြိုမြို့နယ်တွင်းရှိ ကျေးရွာများအပြင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ အများဆုံး ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုအချိန်တွင် ကုလားပဲသီးနှံများ ရိတ်သိမ်းပြီးချိန်ဖြစ်၍ ဈေးကွက်သို့ ဒေသ အနှံ့အပြားမှ ကုလားပဲ (အသစ်)များ လှိုင်လှိုင် ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

          ၂၀၂၅ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် ကုလားပဲအမျိုးအစားအလိုက် ဈေးကွက်သို့ အရောင်း အဝယ်ဖြစ်လျက်ရှိရာ သီးနှံအမျိုးအစားအလိုက် ကုလားပဲ (V2)တစ်တင်းလျှင် ကျပ်(၈၁၅၀၀)၊ ကုလားပဲ(V6) တစ်တင်းလျှင် ကျပ်(၈၂၀၀၀)၊ ကုလားပဲ(HL) တစ်တင်းလျှင် ကျပ်(၈၁၀၀၀)၊ ကုလားပဲ(929)တစ်တင်းလျှင် ကျပ်(၈၁၈၀၀)အရောင်းအဝယ်ဖြစ်ခဲ့ပြီး မေလ(တတိယပတ်)တွင် ပြည်တွင်းသုံး ကုလားပဲများ ဈေးဆက်လက်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ရာ ကုလားပဲ (V2) တစ်တင်းလျှင် ကျပ်(၈၈၅၀၀)၊ ကုလားပဲ(V6) တစ်တင်းလျှင် ကျပ်(၈၈၀၀၀)၊ ကုလားပဲ(HL) တစ်တင်းလျှင် ကျပ်(၈၇၀၀၀)၊ ကုလားပဲ(929)တစ်တင်းလျှင် ကျပ်(၈၈၀၀၀) အရောင်းအဝယ် ဖြစ်ခဲ့ပြီး ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပတ်အတွင်း ကုလားပဲတစ်တင်းလျှင် ကျပ်(၇၀၀၀)ခန့် ဈေးပို ရရှိနေကြောင်း၊ ပွဲရုံဈေးကွက်သို့ နေ့စဉ်ပိဿာ(၂၀)ဝင်အိတ် (၁၅၀၀ မှ ၂၀၀၀)ခန့်ထိ ဝင်ရောက် ကြောင်း၊ ကုလားပဲသီးနှံ ဈေးမြင့်တက်၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုများကြောင်း၊ ပြည်ပ တင်ပို့မှုနည်းပြီး ကုန်သည်များမှ ဝယ်ယူသိုလှောင်ထားရှိမှု များကြောင်း၊ ပခုက္ကူပွဲရုံ ဈေးကွက်သို့ ဝင်ရောက်သည့် ကုလားပဲများကို တန်ဖိုးမြှင့်ထုတ်ကုန် အမျိုးမျိုးထုတ်လုပ်လျက်ရှိသော မြို့ပေါ်ရှိ ပဲခွဲစက်လုပ်ငန်းရှင်များ၊ ပဲကြော်/ပဲမုန့် (အစိမ်း/ အကျက်) ထုတ်လုပ်သောလုပ်ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း၊ ကုလားပဲဈေးမြင့်တက်၍ ကုလားပဲခြမ်းများလည်း တစ်ပြည်လျှင် ကျပ် (၈၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသတွင်း ဝယ်ယူ သုံးစွဲမှုအပြင် ရန်ကုန်၊ မန္တလေး ဈေးကွက်သို့ အများဆုံးတင်ပို့ကြောင်း၊ ကုလားပဲသီးနှံသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး ပြည်တွင်း စားသုံးမှုများ၍ ယခုအချိန်တွင် ရောင်းလိုအား ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့ပေါ်ရှိ ပဲရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)