
ကုန်စိမ်းစျေးကွက်အတွင်း သံပုရာသီးနှင့်သံပုယိုသီးဝင်ရောက်မှုမှာ ဧပြီလနောက်ဆုံးပတ်တွင် ရာသီဥတုပူပြင်းလာပြီဖြစ်၍ အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ စျေးကွက်အတွင်းရောက်ရှိလာသည့် သံပုရာသီးမှာ တောင်အင်းမြောက်အင်းကျေးရွာ၊ မီချောင်းတပ်ကျေးရွာတို့မှာ စိုက်ပျိုးထွက်ရှိသည့် အသီးများနှင့်သံပုယိုသီးမှာ ရွှေစာယံကျေးရွာ၊ မီးသွေးဘုတ်ကျေးရွာတို့မှ စိုက်ပျိုးထွက်ရှိသည့် အသီးများပိုမိုဝင်ရောက်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း အခြားမြို့နယ်များနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှလည်း ဝင်ရောက်ကြောင်း သိရပါသည်။ သံပုရာသီးနှင့် သံပုယိုသီးများမှာ မိုးရာသီတွင် ပိုမိုထွက်ရှိပြီး၊ ဆောင်းရာသီတွင် ထွက်ရှိမှုလျော့ကျသည့်အတွက် စျေးအနည်းငယ်မြင့်ကြောင်း သိရှိရပါတယ်။ သံပုရာသီးနှင့်သံပုယိုသီးများအား သံပုရာဖျော်ရည်၊ သံပုရာယို၊ သံပုရာချဉ်ဖတ်၊ အသုပ်မျိုးစုံနှင့် သရေစာတို့တွင် ထည့်သွင်းစားသုံးခြင်း၊ လူသုံးကုန်နှင့်ကျန်းမာရေးဓါတ်စာအဖြစ် စားသုံးခြင်းတို့ကြောင့် တစ်နှစ်ပတ်လုံးသုံးစွဲမှုများသည့်သီးနှံဖြစ်ကြောင်း သိရပါသည်။ မန္တလေးမြို့၊ ၄၁လမ်း၊ ကုန်စိမ်းသီးနှံများ လက္ကားရောင်းချသည့်စျေးတွင် အသီးအရွယ်အစား အလိုက်စျေးအနည်းငယ်ကွာခြားမှုရှိပြီး၊ ၂၀၂၅ခုနှစ်ဧပြီလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော သံပုရာသီးလက္ကားစျေးမှာ ၂၅လုံးလျှင် ၃၅၀ဝိ/- နှင့် ၄၅၀ဝိ/-စျေး၊ သံပုယိုသီးလက္ကားစျေးမှာ ၂၅ လုံးလျင် ၂၀၀ဝိ/- နှင့် ၂၅၀ဝိ/-စျေး၊ သံပုယိုနှင့် သံပုရာ ချဉ်ထုတ်တစ်ထုတ် (တစ်ပိဿာ ပါ)လျင် လက္ကားစျေး ၂၀၀ဝိ/- နှင့် ၄၀၀ဝိ/- စျေး၊ လက်လီစျေးမှာ သံပုရာသီးတစ်လုံးလျင် ၂၅ဝိ/- နှင့်၃၀ဝိ/-စျေး၊ သံပုယိုသီးတစ်လုံးလျှင် ၁၅ဝိ/- နှင့် ၂၅ဝိ/- စျေးတို့ဖြစ်ပေါ် လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ပြောပြချက်အရ သိရပါသည်။
DOCA(မန္တလေး)