Main menu

“ကျောက်ဆည်မြို့နယ် နွေစပါးစိုက်ပျိုးမှုအခြေအနေ

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးဒေသတစ်ခုဖြစ်သည့် အလျှောက် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး အဓိကအသက်သွေးကြောဖြစ်သော စပါးသီးနှံ ကိုလည်းစိုက်ပျိုးလျက်ရှိပါသည်။ မတ်လကုန်ဧပြီလဆန်းမှစတင်၍ နွေစပါးများစတင်စိုက်ပျိုးလျက် ရှိပါသည်။ ကျောက်ဆည်မြို့နယ်အတွင်းတွင် နွေစပါးစိုက်ဧက(၃၉၅၀)ဧက စိုက်ပျိုးထားကြောင်း၊ ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ ပြောကြားချက်အရသိရှိရသည်။ နွေစပါးသည် မိုးစပါးထက် သက်တမ်းပိုရှည်ကြောင်း ၊ နွေစပါးစိုက်ပျိုးမှုအနေဖြင့် ပတ်ကြဲစိုက်ပျိုးမှုများရှိသလို ပျိုးနှုတ်၍ စိုက်ပျိုးကြသူများလည်းရှိကြောင်း ၊ အများဆုံးစိုက်ပျိုးမှုမှာ ပျိုးထောင် ၊ ပျိုးနှုတ်စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ နွေစပါးစိုက်ပျိုးမှု(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၄၆၅၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ နွေစပါးစိုက်ပျိုး ထွက်ရှိမှုအနေဖြင့် ဇူလိုင်လတွင် စတင်ထွက်ရှိမှာဖြစ်ကြောင်း၊အများဆုံးစိုက်ပျိုးသောမျိုးမှာ မနောသုခမျိုးဖြစ်ကြောင်း၊ အထွက်နှုန်း အနေဖြင့်ခန့်မှန်း(၇၅)တင်းခန့်ထွက်ရှိနိုင်မှာဖြစ်ကြောင်း၊ မျိုး(မနောသုခ) တစ်တင်းလျှင်(၂၃၀၀၀) ကျပ်ဈေးရှိကြောင်း ၊ ယခုလက်ရှိ စပါးပေါက်ဈေး အနေဖြင့် ဧရာပဒေသာတစ်တင်းလျှင်(၂၅၀၀၀/ ၂၈၀၀၀)ကျပ်၊ နောသုခတစ်တင်းလျှင်(၂၁၀၀၀/၂၂၀၀၀)ကျပ် ဖြင့်ရောင်းဝယ်လျက်ရှိကြောင်း ၊ ဈေးကွက်အနေဖြင့် ပွဲစားများမှ စပါးစိုက်ပျိုးသည့် ကျေးရွာများသို့ တိုက်ရိုက်လာရောက်ဝယ်ယူ ကြကြောင်း၊ စပါးကြိတ်ခွဲရေး စပါးစက်များမှလည်း လာရောက်ဝယ်ယူကြကြောင်း ၊ နွေစပါး ထွက်ပေါ်ချိန်တွင် ဈေးနှုန်းများကောင်းမွန်ပါက တောင်သူများအကျိုးအမြတ် ဖြစ်ထွန်းနိုင်ကြောင်း နွေစပါးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။

DOCA(မန္တလေး)