
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကလိုင်းကနိုင်ကျေးရွာ၊ အပေါ်ရွာရှိ ယိုးဒယား ဒူးရင်းသီးများ လှိုင်လှိုင်ထွက်ရှိနေပြီး ဈေးကွက်ဝင်သီးနှံအဖြစ် ကုန်သည်များ အဝယ်လိုက် လျှက်ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်သည် စိုက်ပျိုးသီးနှံ ဥယျာဉ်ခြံမြေများ၌ စားပင်သီးပင်များကို အဓိကထားပြီး စီးပွားဖြစ် စိုက်ပျိုးကြသူများဖြစ်ရာ နှစ်ရှည်သီးနှံလည်းဖြစ်ကာ ဈေးကွက်ဝင် သီးနှံဖြစ်သည့် ဒူးရင်းသီးများကို စနစ်တကျစိုက်ပျိုးထားရှိပြီး တန်ခူးလဆိုလျှင် ဒူးရင်းသီးများ စတင်ပေါ်နေပြီး ဈေးကောင်းလည်းရသဖြင့် ဒူးရင်းခြံပိုင်ရှင်များ အဆင်ပြေလျှက် ရှိကြောင်း သိရသည်။
ယိုးဒယား ဒူးရင်းသီးမျိုးကို စိုက်ပျိုးရာ၌ ပျိုးပင်များနှင့် ကိုင်းဆက်/ကိုင်းကူး နည်းများဖြင့် အဓိကစိုက်ပျိုးပြီး ဒူးရင်းသီးပင် အသီးများစတင်သီးပြီး ဒူးရင်းပင်ကို တစ်ဧကလျှင် ပေ(၃၀)ခန့် စိုက်ပျိုးမည်ဆိုပါက အပင်ရေ (၄၀) အထိ စိုက်နိုင်ပြီး အပင်များပိုးမွှားအန္တရာယ်နှင့် ရှဥ့်ငပေါ အကောင်များ ကိုက်ဖြတ်တတ်သဖြင့် အသီးများကြီးပါက ကြက်သွန်ထည့်သည့် အိတ်ခွံများ၌ ထည့်၍ ထုတ်ထားရကြောင်း၊ သဘာဝဓာတ်မြေသြဇာများ ထည့်သွင်းခြင်းကို သူ့အချိန်နှင့်သူ ထည့်ပြီး ပုံမှန်ရေသွင်းပေးရကြောင်း ဒူးရင်းခြံစီးပွားဖြစ် စိုက်ပျိုးသူ ဦးကရင်က ပြောသည်။
ကျိုက်မရောဒေသထွက် ဒူးရင်းသီးမျိုးသန့်များကို မွန်ပြည်နယ်အတွင်းသာမက ပြည်ပနိုင်ငံများအထိ တင်ပို့နိုင်ရန်အတွက် ဒူးရင်းသီးကုန်သည်များက ဒူးရင်းသီး စသီးချိန်မှစတင်ကာ ခြံချုုပ်ဝယ်ယူခြင်း၊ ကြိုတင်စရန်ငွေပေးခြင်း စသည်ဖြင့် စျေးကွက်ဝင် သီးနှံအဖြစ် ဝယ်လိုအားကောင်းလျက်ရှိကြောင်း၊ ယခုဒူးရင်းသီးများ စတင်ထွက်ရှိချိန် ဒူးရင်းအမျိုးအစားပေါ် မူတည်၍ တစ်ကီလိုလျှင် ငွေကျပ် (၁၅၀၀၀) အထက်ရရှိကြောင်း သိရသည်။
DOCA(မွန်)