
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်၌ ၂၀၂၅ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်)တွင် ပဲစဉ်းငုံသီးနှံများဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ သီးနှံပေါ်စ ဇန်နဝါရီလတွင် တစ်တင်းလျှင် ကျပ်(၁၂၆၅၀၀-၁၂၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ပြည်ပဈေးကွက် ဝယ်လိုအားနည်း၍ သီးနှံဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဈေးကွက်သို့ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး ဧပြီလ(စတုတ္ထပတ်)တွင် တစ်ရက်လျှင် ပဲစဉ်းငုံနီ ပိဿာ(၃၀)ဝင်အိတ် (၄၀၀-၆၀၀)ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။
ဈေးနှုန်းအနေဖြင့် ပဲစဉ်းငုံနီတစ်တင်းလျှင် အရောင်းအဝယ်ဖြစ်သောဈေးနှုန်းမှာ ဖေဖော်ဝါရီလတွင် ပဲစဉ်းငုံနီတစ်တင်းလျှင် အမြင့်ဈေး ကျပ်(၉၃၀၀၀-၉၂၀၀၀)၊ မတ်လတွင် ပဲစဉ်းငုံ နီ တစ်တင်းလျှင် ကျပ်(၉၄၅၀၀ - ၉၃၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဧပြီလ(စတုတ္ထပတ်)တွင် တစ်တင်းလျှင် ကျပ်(၉၃၆၀၀-၉၂၆၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပဲစဉ်းငုံတစ်တင်း လျှင် ကျပ်(၁၀၀၀)ခန့် ဈေးအတက်အကျဖြစ်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်သို့ ကုန်ဝင် သလောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုရာသီချိန်တွင် တောင်သူများတွင် ပဲလက်ကျန်နည်းပြီး မြို့ပေါ်ရှိကုန်သည်များမှ သီးနှံလှိုင်လှိုင်ပေါ်ချိန်တွင် ဝယ်ယူသိုလှောင်ထားသော ပဲစဉ်းငုံနီများ ပြန်လည်ဖြန့်ဖြူးမှုများကြောင်း၊ ပခုက္ကူဈေးကွက်သို့ ဝင်ရောက်လာသည့် ပဲစဉ်းငုံနီများကို ရန်ကုန်၊ မန္တလေးဈေးကွက်သို့ တင်ပို့ပြီး ထိုမှတစ်ဆင့် ပြည်ပအိန္ဒိယနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း၊ ပဲစဉ်းငုံသီးနှံသည် ပြည်ပို့ကုန် ပဲတစ်မျိုးဖြစ်၍ ဈေးကွက်ဝယ်လိုအားပေါ်မူတည်ပြီး နေ့စဉ်နှင့်အမျှ ဈေးနှုန်းပြောင်းလဲမှုရှိကြောင်း ဈေးကွက်မှ သိရှိရပါသည်။
DOCA(မကွေး)