
မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများတွင် အရိပ်အာဝါသကောင်းသည့် မကျည်းပင် များကိုမိမိတို့အိမ်ဝိုင်းထဲတွင် စိုက်ပျိုးထားကြသလို အလေ့ကျလည်းပေါက်နေကြောင်းသိရှိရပါသည်။ မကျည်းများ အများဆုံးပေါက်ရောက်လျှက်ရှိသော ဒေသများတွင် ကျောက်ဆည်ခရိုင်သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ယခုမိုးဦးကျရာသီဖြစ်သော တခူးလအစတွင် မကျည်းရွက်နုများစတင် နုပြီးယခုအခါတွင် မကျည်းရွက်များ လှိုင်လှိုင်နုနေပြီဖြစ်ပါသည်။ အညာဒေသတွင် မကျည်းပင်များ ကိုအရိပ်ရရန်အတွက် စိုက်ပျိုးထားကြပြီး မကျည်းပင်မှ မကျည်းရွက်နုများကိုခူး၍ မြို့ပေါ်ဈေးများ သို့သွားရောက်ရောင်းချကြောင်း ၊ မကျည်းရွက်နု တစ်ပိဿာကို လက်ကားဈေး(၁၀၀၀၀/-)ကျပ်ဖြင့် ရောင်းချပေးပြီး လက်လီဈေးအနေဖြင့် မကျည်းရွက်နု တစ်ဆယ်ကျပ်သားလျှင်(၁၅၀၀/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ မကျည်းရွက်နုများခူး၍ ရောင်းချသူများအဆင်ပြေလျက်ရှိကြောင်း ၊ မကျည်းရွက်နုကိုချဉ်ရည်ဟင်းချက်၍သော်လည်းကောင်း၊ အသုပ်သုပ်၍ဟင်းလျာအဖြစ်စားသုံးကြ ကြောင်းသိရှိရပါသည်။ မကျည်းရွက်စားသုံးခြင်းဖြင့် အင်ဆူလင်ဓာတ်ကို လျော့ကြစေကြောင်း ၊ ဗီတာမင်စီပါဝင်သောကြောင့် ခန္ဓာကိုယ်ခုခံစွမ်းအားပိုမိုကောင်းမွန်စေသောကြောင့် မကျည်းရွက်ကို စားသုံးပေးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)