
ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ဧပြီလ ဒုတိယအပတ်မှ စတင်၍ ဖယောင်းပန်းများ ပေါ်ထွက် လာပြီဖြစ်ပါသည်။ ပုံသဏ္ဍာန်အားဖြင့် ရိုးတံရှည်ရှည်နှင့် ရိုးတံ၏ ထိပ်တွင် အဖူးစိမ်းစိမ်းလေးရှိပြီး ထိုအဖူးမှ အဝါရောင်အပွင့်များ အခိုင်လိုက် ပွင့်လာခြင်းမျိုးဖြစ်ပါသည်။ အပွင့်ပွင့်ချိန်တွင် ပန်း၏ ရနံ့ များမှာ ပျားရည်ရနံ့ကဲ့သို့ သင်းပျံ့မွှေးကြိုင်လှပါသည်။ ရွာငံ၊ အောင်ပန်း၊ ဟဲဟိုး၊ တောင်ကြီး၊ ဟိုပုံး နှင့်ပင်းတယတို့တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပြီး ပင်းတယဒေသထွက် ဖယောင်းပန်းမှာ အရောင်းအသွက်ဆုံးဖြစ်ပါသည်။ ဒေသခံများက ဖယောင်းပန်းကို “ပင်းတယရွှေဝါ” ဟု တင်စားခေါ်ဝေါ်ကြ ပါသည်။
ယခင်အပတ်တွင် ပင်းတယရွှေဝါများသည် ပေါ်ဦးပေါ်ဖျားဖြစ်သည့်အပြင် (သင်္ကြန်အချိန်) အခါရှေ့ဖြစ်သည့်အတွက် ရိုးတံတစ်ခုတွင် တစ်ဖူးပါ ဆယ်ခက် တစ်စီးလျှင် ၈,၀၀၀၊ နှစ်ဖူးပါ ၁၀ ခက် တစ်စီးလျှင် ၁၅,၀၀၀ ခန့် ဈေးရရှိခဲ့ပြီး ယခုအပတ်တွင် တစ်ဖူးပါ ၁၀ ခက် တစ်စီးလျှင် ၇,၀၀၀၊ နှစ်ဖူးပါ ၁၀ ခက်တစ်စီးလျှင် ၁၃,၀၀၀ ခန့်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ရိုးတံအရွယ်အစားနှင့် အဖူးပါဝင်မှုပေါ် မူတည်၍ ဈေးနှုန်းကွာခြားမှုရှိပြီး ရန်ကုန်၊ မန္တလေး ဈေးကွက်သို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA (ရှမ်း)