Main menu

ရွှေဖရုံသီးနှင့်ကျန်းမာရေး

Powered by Drupal

ရွှေဖရုံသီး၏အရောင်မှာ ရွှေရောင်ကဲ့သို့ဝင်းဝါနေပြီး အရသာမှာအနည်းငယ်ချိုပြီး အသားမှာ မချက်ပြုတ်မီအလွန်မာကျောသော်လည်း အပူပေးချက်ပြုတ်ပြီးနောက် အင်မတန်နူးညံ့သည်။ အသီးသာမက ရွှေဖရုံပင်၏အရွက်၊ အပွင့်နှင့်အစေ့တို့ကိုလည်း စားသုံးနိုင်သည်။ ရွှေဖရုံသီးကို သတ်သတ်လွတ်ဟင်းလျာအဖြစ် စားသုံးကြသလိုမိမိနှစ်သက်ရာပုစွန် သို့မဟုတ် အသားတစ် မျိုးမျိုးနှင့်ရော၍လည်း ချက်ပြုတ်စားသောက်နိုင်သည်။ ရွှေဖရုံသီးပေါင်း၊ ရွှေဖရုံသီးစွပ်ပြုတ်နှင့် ရွှေဖရုံသီးဆန်ပြုတ်အဖြစ်လည်း စားသောက်လေ့ရှိသည်။ အရွက်၊ အညွန့်နှင့်အပွင့်တို့ကိုကြော်၍ လည်းကောင်း၊ ဟင်းချို၊ စွပ်ပြုတ်၊ အသုပ်သုပ်၍လည်းကောင်း၊ အတို့အမြှုပ် အဖြစ်လည်းကောင်း စားသုံးနိုင်သည်။ ရွှေဖရုံစေ့ကို ဆားအနည်းငယ်ထည့်ပြီး လှော်၍လည်းစားသုံးနိုင်သည်။ ရွှေဖရုံသီး တွင် လူသားတို့ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော ပရိုတင်း၊ အဆီဓာတ်၊ ကစီဓာတ်၊ ဗီတာ မင်အေ၊ ဗီတာမင်ဘီဝမ်း၊ ဗီတာမင်စီ၊ ကယ်လ်စီယမ်၊ သံဓာတ်တို့ အသီးသီးပါဝင်ပါသည်။ ရွှေဖရုံ သီးမှပေးသော ကျန်းမာရေးအကျိုးကျေးဇူးများမှာ မျက်စိကြည်လင်ခြင်း၊ အသားရေလှပစေခြင်း၊ အရွယ်တင်နုပျိုစေခြင်း၊ ဝမ်းမှန်စေခြင်း၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း၊ အာရုံကြောအား ကောင်းစေခြင်း၊ အစာခြေစနစ်ကိုတိုးတက်ကောင်းမွန်စေခြင်း စသည့်အကျိုးကျေးဇူးများစွာရရှိ စေပါသည်။ တန်ဆေးလွန်ဘေးဆိုသကဲ့သို့ ရွှေဖရုံသီးကို တစ်ကြိမ်တည်းတွင် လက်တစ်ဆုပ်စာ ပမာဏထက် ပိုမိုစားသုံးမိပါက ဗိုက်အောင့်စေပြီး အခန့်မသင့်လျှင် ဝမ်းသွားတတ်ပါသည်။ ထို့ကြောင့် လူသားတို့ကျန်းမာရေးကို လွန်စွာကောင်းကျိုးပြုနိုင်ပြီး ဘေးထွက်ဆိုးကျိုးအလွန် နည်းသော ရွှေဖရုံသီးနှင့်ရွှေဖရုံစေ့တို့ကို အစာလည်းဆေး၊ ဆေးလည်းအစာအဖြစ် စားသုံးပေးသင့်ပေသည်။

DOCA(မန္တလေး)