Main menu

ဆိပ်ဖြူမြို့နယ်၌ ကြက်သွန်နီမျိုးဥ(ဇော်မွှား) စိုက်ပျိုးထွက်ရှိမှုနှင့်ဈေးနှုန်းဈေးကွက်

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ အနောက်ပိုင်း ရွာသစ်ရပ်ကွက် နှင့် ကိုးတောင့်၊ အောက်ဆိပ်အုပ်စုနှင့် ဧရာဝတီမြစ်ရိုးတစ်လျှောက် ယောချောင်း၊ ချစ်ချောင်းနံဘေး ရှိ ကျေးရွာများတွင် ကြက်သွန်နီသီးနှံကို မိုးစိုက်(ဥစိုက်)၊ ဆောင်းစိုက် (ပင်စိုက်) မျိုးစေ့အနှံယူ စိုက်ခင်းများအပြင် မျိုးစေ့မှ တစ်ဆင့် မျိုးဥယူ(ဇော်မွှား) စိုက်ခင်းများကို ဒေသတွင်းရှိ တောင်သူ များမှာ တစ်ပိုင်တစ်နိုင် အဖြစ်လည်းကောင်း စီးပွားဖြစ်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ယခင်နှစ် က ကြက်သွန်နီ မျိုးဥ(ဇော်မွှား) စိုက်ဧက (၁၅၀) ခန့် စိုက်ပျိုးခဲ့ရာ ယခုနှစ်၌ ကြက်သွန်နီ မိုးစိုက် (ဥစိုက်) စိုက်ပျိုးချိန်တွင် ဈေးကွက်ဝယ်လိုအား ကောင်းမွန်ခြင်းကြောင့် ကြက်သွန်နီများ အရောင်း အဝယ် ဖြစ်၍ မျိုးဥဈေးနှုန်းများလည်း မြင့်တက်လာသည့်အတွက် ကြက်သွန်နီမျိုးဥ (ဇော်မွှား) စိုက်ဧက (၂၀၀)ခန့်အထိ ပိုမိုတိုးချဲ့စိုက်ပျိုးလာကြကြောင်း ဒေသခံတောင်သူတစ်ဦးထံမှ သိရသည်။

      စိုက်ပျိုးမှုအနေဖြင့် မြစ်ချောင်းတစ်လျှောက်ရှိ သဲနုန်းမြေများတွင် အများဆုံးစိုက်ပျိုးကြပြီး အစေ့ကြဲပက်၊ အကန့်ဖော်ဘောင်တင်ပြီး ရေဖျန်းစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ အထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် ကြက်သွန်နီမျိုးစေ့ (၁၆) ပြည်ခန့် ကြဲပက်စိုက်ပျိုးရပြီး မျိုးစေ့(၁) ပြည်လျှင် အပင်ပေါက်စုံပြီး ကြီးထွားမှုပေါ်မူတည်၍ (ဇော်မွှား)မျိုးဥ ပိဿာ (၁၀၀ မှ ၁၅၀)ခန့် ထွက်ရှိခြင်း ကြောင့် (၁)ဧကလျှင် ပျမ်းမျှ ပိဿာချိန် (၁၆၀၀) ခန့် ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ယခင်နှစ် ကြက်သွန်နီမျိုးဥ(ဇော်မွှား)တစ်ပိဿာလျှင် ကျပ်(၅၀၀၀-၅၅၀၀)ပေါက်ဈေးဖြင့် ဒေသတွင်း၌ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ (၁)ဧကစိုက်ပျိုးကုန်ကျစရိတ်မှာ ကျပ်(၃၅)သိန်းခန့် ကုန်ကျပြီး ကျပ်(၄၅)သိန်းခန့် အကျိုးအမြတ်ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် တောင်သူများမှ (ဇော်မွှား)မျိုးဥ ရောင်းချချိန် မရောက်ရှိသေး၍ လေဝင်လေထွက်ကောင်းပြီး အထားခံသော ဝါးထရံအဆောင်များ တွင် သိုလှောင်ထားရှိကြောင်း၊ လာမည့် စက်တင်ဘာလကုန် အောက်တိုဘာလဆန်းပိုင်းတွင် မျိုးဥ စိုက်ပျိုးချိန်ရာသီ၌ ရောင်းချရမည်ဖြစ်ပြီး တောင်သူများအနေဖြင့် ယခင်နှစ်ထက် မျိုးဥဈေးကွက် ကောင်းမွန်ရန် မျှော်လင့်လျက်ရှိကြောင်း၊ ယခုနှစ်တွင် (ဇော်မွှား)မျိုးဥ တစ်ဧကလျှင် ကျပ်သိန်း(၄၀) ခန့် ကုန်ကျကြောင်း၊ မျိုးဥရောင်းချချိန်တွင် ကြက်သွန်နီဈေးကွက်ကောင်းမွန်ပြီး (ဇော်မွှား)မျိုးဥ တစ်ပိဿာလျှင် ကျပ်(၅၀၀၀)၊ ပိဿာ(၁၀၀)လျှင် ကျပ်(၅)သိန်းဈေးဖြင့် ရောင်းချရပါက တောင်သူ အဆင်ပြေမည်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် စိုက်ပျိုးထွက်ရှိသော (ဇော်မွှား)မျိုးဥများကို ဒေသ တွင်း ကြက်သွန်နီမျိုးဥစိုက်တောင်သူများနှင့် ချောက်၊ စလင်း၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ တောင်သူ များမှလည်း လာရောက်ဝယ်ယူကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

      ကြက်သွန်နီသည် အခြားသီးနှံများအနက် တွက်ချေကိုက်သော သီးနှံတစ်မျိုးဖြစ်ရာ ကြက်သွန်နီမျိုးဥ(ဇော်မွှား)စိုက်ခင်းများ စိုက်ပျိုးခြင်းဖြင့် ကြက်သွန်နီဈေးကွက်ကောင်းမွန်ပြီး ဈေးကွက်ခိုင်မာမှုရှိပါက အကျိုးအမြတ်များစွာရရှိသည့်အပြင် မျိုးစေ့မှတစ်ဆင့် မျိုးဥယူခြင်းဖြစ်၍ (နွေ) ကြက်သွန်နီ ဥစိုက်စိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကွက်ဝင် ကြက်သွန်ဥများ ရရှိခြင်းကြောင့် တောင်သူများအနေဖြင့် နှစ်စဉ်မပြတ် စိုက်ပျိုးကြကြောင်း သိရှိရသည်။

DOCA(မကွေး)