
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ ၂၀၂၅ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် ပြည်တွင်းသုံးကုလားပဲဈေးကွက် ဈေးအနည်းငယ် မြင့်တက် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ပခုက္ကူဈေးကွက်သို့ ကုလားပဲသီးနှံ စိုက်ပျိုးရာဒေသ များဖြစ်သော ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြစ်ခြေ၊ ကမ္မ၊ မြိုင်၊ ပေါက်၊ ရေစကြို မြို့နယ်တွင်းရှိ ကျေးရွာများအပြင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ များနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ အများဆုံးဝင်ရောက် အရောင်းအဝယ် ဖြစ်ကြောင်း၊ ယခုအချိန်တွင် ကုလားပဲသီးနှံများ ရိတ်သိမ်းပြီးချိန်ဖြစ်၍ ဈေးကွက်သို့ ဒေသအနှံ့ အပြားမှ ကုလားပဲ (အသစ်)များ လှိုင်လှိုင် ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ မေလ(ဒုတိယပတ်)အစောပိုင်းတွင် ကုလားပဲသီးနှံ(အသစ်)များ အရောင်း အဝယ်သွက်နေကြောင်း၊ ပြည်တွင်းသုံးစွဲမှုများသော ကုလားပဲဈေး အနည်းငယ်မြင့်တက်လာ ကြောင်း၊ ကုလားပဲ (V2) တစ်တင်းလျှင် ကျပ်(၈၁၅၀၀)၊ ကုလားပဲ(V6) တစ်တင်းလျှင် ကျပ်(၈၂၀၀၀)၊ ကုလားပဲ(HL) တစ်တင်းလျှင် ကျပ်(၈၁၀၀၀)၊ ကုလားပဲ(929)တစ်တင်းလျှင် ကျပ်(၈၁၈၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင် မေလ(ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပတ်အတွင်း ကုလားပဲတစ်တင်းလျှင် ကျပ်(၃၀၀၀)ခန့်ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ပွဲရုံဈေးကွက် သို့ နေ့စဉ် ပိဿာ(၂၀)ဝင်အိတ် (၁၀၀၀ မှ ၂၀၀၀ ထိ) ဝင်ရောက်ကြောင်း၊ သီးနှံအသစ်ပေါ်ချိန် ဖြစ်၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုများကြောင်း၊ ပြည်ပတင်ပို့မှုနည်းပြီး ကုန်သည်များမှ ဝယ်ယူ သိုလှောင်ထားရှိမှု များကြောင်း၊ ပခုက္ကူပွဲရုံ ဈေးကွက်သို့ ဝင်ရောက်သည့် ကုလားပဲများကို တန်ဖိုးမြှင့်ထုတ်ကုန်အမျိုးမျိုး ထုတ်လုပ်လျက်ရှိသော မြို့ပေါ်ရှိ ပဲခွဲစက်လုပ်ငန်းရှင်များ၊ ပဲကြော်/ ပဲမုန့်(အစိမ်း/ အကျက်) ထုတ်လုပ်သော လုပ်ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း၊ ယခုအချိန် ပခုက္ကူပဲဈေးကွက် တွင် ကုလားပဲသီးနှံ အသစ်များ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဒေသတွင်း ဝယ်ယူသုံးစွဲမှုအပြင် ရန်ကုန်၊ မန္တလေး ဈေးကွက်သို့ အများဆုံးတင်ပို့ကြောင်း၊ ကုလားပဲ သီးနှံသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး ပြည်တွင်းစားသုံးမှုများ၍ အရောင်းအဝယ်သွက်ကြောင်း မြို့ပေါ်ရှိ ပဲရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(မကွေး)