
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးရာမှ အစေ့ထုတ်ပြောင်း(CP) သီးနှံ ကိုလည်း ဒေသစီးပွားဖြစ် စိုက်ပျိုးလျက်ရှိသည်။ ပခုက္ကူ၊ မြစ်ခြေ၊ ကမ္မ၊ ပေါက်၊ ရေစကြို မြို့များတွင် စိုက်ပျိုးပြီး ဒေသတွင်းစားသုံးမှုနည်းသော်လည်း ပြည်တွင်းမွေးမြူရေးလုပ်ငန်းများမှ ကုန်ကြမ်း တိရိစ္ဆာန် အစားအစာအဖြစ်အသုံးပြုပြီး အပင်များကိုလည်း ကျွဲနွားများအတွက် အစာ အဖြစ် အသုံးဝင်သည့် အပြင် ပြည်ပပို့ကုန်အဖြစ် ထိုင်း၊ တရုတ်နိုင်ငံများသို့လည်း နှစ်စဉ်တင်ပို့နိုင်၍ ပြည်တွင်းဈေးကွက် ခိုင်မာပြီး ပခုက္ကူဈေးကွက်၌လည်း နေ့စဉ် အရောင်းအဝယ်ဖြစ် လျက်ရှိသည်။
၂၀၂၅ခုနှစ်၊ ဧပြီလ(ဒုတိယပတ်)တွင် အစေ့ထုတ်ပြောင်း(CP)ဝင်ရောက်မှု အနေဖြင့် နေ့စဉ် တစ်ရက် လျှင် ပိဿာ(၃၀)ဝင်အိတ်(၂၀၀-၃၀၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ယခု အချိန်တွင် ဒေသတွင်း သီးနှံပေါ်ချိန်ဖြစ်၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုများ၍ ဈေးအေးပြီး အရောင်း အဝယ်ဖြစ်ကြောင်း သိရှိရသည်။
ဈေးနှုန်းအနေဖြင့် သီးနှံပေါ်စ ဖေဖော်ဝါရီလတွင် ဒေသပေါက်ဈေး အစေ့ထုတ်ပြောင်း (CP) တစ်တင်းလျှင် ကျပ်(၂၅၀၀၀-၂၆၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုဧပြီလ(ဒုတိယ ပတ်)တွင် တစ်တင်းလျှင် ကျပ်(၂၆၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး သီးနှံပေါ်စ အရောင်း အဝယ်ဖြစ်မှုနှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက အစေ့ထုတ်ပြောင်း(CP)ဈေးနှုန်းမှာ ဈေးအတက်အကျ နည်းပြီး ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ ပြည်တွင်းသုံးစွဲမှုနည်းသော်လည်း ပြည်ပပို့ကုန် အဖြစ် အများဆုံး တင်ပို့ပြီး ထိုင်း၊ တရုတ် နိုင်ငံမှ တိရိစ္ဆာန်အစားအစာကုန်ကြမ်းအဖြစ် ဝယ်ယူမှု များ၍ ဈေးကွက်ခိုင်မာမှုရှိကြောင်း သိရှိရသည်။
DOCA (မကွေး)