
သကြားပြောင်းဖူးသည် လူကြိုက်များသော သီးနှံတစ်မျိုးဖြစ်သည်။ ပြောင်းဖူးကို သရေစာ အဖြစ် အမယ်မျိုးစုံ ပြုလုပ်စားသောက်ကြ၍ ဝယ်ယူစားသုံးမှုများပြီး ဈေးကွက်ခိုင်မာခြင်းရှိ၍ ရာသီအလိုက် သီးထပ်စိုက်ပျိုးလျက်ရှိကြ၍ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူမြို့ ကုန်စိမ်းသီးနှံ ဈေးကွက်သို့လည်း သကြားပြောင်းဖူး စိုက်ပျိုးမှုများသော ပခုက္ကူကျွန်းကျေးရွာများ ဖြစ်သော ကျွန်းဦး၊ ကျွန်းညို၊ ကျွန်းညိုကြီး၊ ကျွန်းညိုကြီးရွာသစ်၊ ကံလှ၊ နန်းတော်ရပ်၊ တင်းဂတ်၊ ဘောလုံးခုံ၊ လိပ်ကုန်း ကျေးရွာများနှင့် မြစ်ခြေ၊ ကမ္မမြို့များမှ ဝင်ရောက်မှုအပြင် အခြားမြို့နယ်များ ဖြစ်သော မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ အထက်ညဉ့်၊ အောက်ညဉ့်ကျေးရွာ များမှ ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဧပြီလ(ဒုတိယပတ်)တွင် ဈေးကွက်သို့ သကြား ပြောင်းဖူးများ ဝင်ရောက်မှုနည်းပြီး ဈေးတက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း နွေရာသီ ရောက်ရှိ၍ ပြောင်းဖူးသီးနှံကို ဝယ်ယူ စားသုံးမှု များကြောင်း သိရှိရသည်။
သကြားပြောင်းဖူးဈေးနှုန်းများအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ(ဒုတိယပတ်)တွင် ပြောင်းဖူး အရွယ်အစား၊ အစေ့ အကြီးအသေး အောင်မြင်မှုနှင့် သီးနှံလတ်ဆတ်မှုအပေါ်မူတည်ပြီး တစ်ဖူးလျှင် လက်ကားဈေး ကျပ်(၂၀၀ - ၂၅၀)၊ လက်လီဈေး တစ်ဖူးလျှင် ကျပ်(၃၅၀ - ၄၀၀) အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်မတ်လ(ဒုတိယပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက သကြားပြောင်းဖူး တစ်ဖူးလျှင် ကျပ်(၁၅၀)ခန့် ဈေးတက်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ လူ့ခန္ဓာကိုယ်ကို ခွန်အားဖြစ် စေပြီး ကျန်းမာရေးနှင့် ညီညွှတ်သော သီးနှံတစ်မျိုးဖြစ်၍ ဝယ်ယူစားသုံးမှု မြင့်မားခြင်းကြောင့် နေ့စဉ် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ မြို့ပေါ်ရှိ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ အကြော် ဆိုင်များ၊ အသုပ်ဆိုင်များမှ ဝယ်ယူမှု များကြောင်း သိရှိရသည်။
DOCA (မကွေး)