
ပြည်ဈေးကွက်သို့ မကွေးတိုင်းအောင်လံဘက် (နံဇူပင်)ရွာမှ ကြက်သွန်နီများ တစ်ရက်လျှင် ပိဿာချိန် (၁၂၀၀၀)ခန့် အဝင်ရှိနေပြီး နံဇူပင်ကြက်သွန်နီမှာ အရည်အသွေးကောင်းသည့်အတွက် အရောင်းအဝယ်သွက်ကြောင်းလည်းသိရပါသည်။ တောင်တွင်းနှင့်သရက်ဘက်မှ ကြက်သွန်နီမှာ တစ်ရက်လျှင် ပိဿာချိန် (၃၀၀၀)ပတ်လည်ခန့်သာအဝင်ရှိပြီး အရောင်းအဝယ်မှာ ကြက်သွန်နီ အဝင်အားလုံးရဲ့ ထက်ဝက်ကျော်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။ ဒေသတွင်း ဝယ်လက် များ၊ အိတ်ဆွဲအရောင်းသမားများ၊ နယ်ကျော်အရောင်းအဝယ်သမားများအပြင် ပေါင်းတည်၊ သာယာဝတီ၊ မင်းလှ၊ ဆင်တဲ၊ ရွှေဘုံသာ၊ ဥသျှစ်ပင်ဘက်တို့သို့ စီးဆင်းမှုအဖြစ် အရောင်းအဝယ်ရှိနေသည်။ ဈေးနှုန်းမှာ ပွဲရုံလက်ကားဈေးတစ်ပိဿာလျှင် ကြီး/လတ်/သေး ကျပ် (၂၆၀၀-၂၅၀၀)(၂၄၀၀-၂၃၀၀)(၂၂၀၀-၂၀၀၀)နှုန်းတို့ရှိပြီး မြို့ပေါ်လက်လီဈေးများတွင်ကျပ် (၃၀၀၀-၂၈၀၀-၂၇၀၀-၂၅၀၀ -၂၃၀၀-၂၂၀၀) နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေကြောင်းသိရသည်။
ပြည်ဒေသအနီးတစ်ဝိုက်ထွက်ရှိသော မှော်ဇာ၊ တောင်လုံးညို၊ မထောရွာများမှ ကြက်သွန်နီများမှာ ပြည်ပွဲရုံများသို့မသွင်းဘဲ မြို့ပေါ်လက်လီဈေးများတွင် စားသုံးသူတိုက်ရိုက် ရောင်းချခြင်းများဖြင့် အရောင်းအဝယ်ပြုလုပ်လျှက်ရှိပြီး ယခုဧပြီလဆန်းတွင် လှိုင်လှိုင်ပေါ် ထွက်လျှက် ရှိကာ ဈေးနှုန်းမှာ တစ်ပိဿာလျှင် လက်လီ/လက်ကားကျပ် ၂၂၀၀/၂၀၀၀ နှုန်းတို့ဖြင့် ရောင်းချလျက် ရှိနေကြောင်းသိရသည်။
DOCA(ပဲခူး)