
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် မြေအောက်ရေကို အမှီပြုပြီး တစ်ပိုင်တစ်နိုင် သံပုရာပင်သီးနှံ စိုက်ပျိုးကြသူများရှိပြီး ဈေးကွက်အတွင်း ဆွတ်ခူးရောင်းချရ၍ မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်း အဆင်ပြေလျက်ရှိကြောင်း သံပုရာပင်သီးနှံ စိုက်ပျိုးတောင်သူများထံမှ သိရသည်။
မအူပင်မြို့နယ် ဒေသခံပြည်သူများသည် စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် အားထားလုပ်ကိုင်ကြပြီး ဒေသခံတောင်သူအများစုက မိသားစုစားဝတ်နေရေးအတွက် သီးနှံအပိုဝင်ငွေ ရရှိစေရန် မိမိတို့၏ အိမ်ခြံဝန်း၊ မြေကွက်လပ်များနှင့် ဥယျာဉ်ခြံမြေများ ပြုလုပ်ကာ မြေအောက်ရေဖြင့် စားဖိုဆောင်သီးနှံမျိုးစုံကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြရာ အဆိုပါ စားဖိုဆောင်သီးနှံများတွင် သံပုရာပင်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် ဈေးကွက်အတွင်း ဧပြီလမှစ၍ နေ့စဉ် သံပုရာသီးများ လှိုင်လှိုင်ဆွတ်ခူး ရောင်းချနေရသဖြင့် လုပ်ငန်းအဆင်ပြေနေကြကြောင်း သိရသည်။
“ စိုက်ပျိုးမှု အနေဖြင့် ဥယာဉ်ခြံမြေ ပေ ၈၀ ပတ်လည်တွင် သံပုရာပင်သီးနှံ အပင် ၁၅၀ကို စိုက်ပျိုးထားပြီး စိုက်ပျိုးရေးလုပ်ငန်းက အစေ့ချစနစ်နဲ့ စိုက်ပျိုးလို့ရသလို မျိုးဆက်ပွားကိုင်းကူး တဲ့စနစ်နဲ့လည်း စိုက်ပျိုးကြောင်း၊ အစေ့ချစနစ်နဲ့ စိုက်ပျိုးမယ်ဆိုရင် တစ်ပေခွဲပတ်လည် မြေကျင်းတူးပြီး နွားချေး၊ မြေဆွေး၊ ဖွဲပြာတို့ကို ထည့်ပြီး ရေအစိုဓာတ်ရအောင် ပြုလုပ်ပေးပြီး စိုက်ပျိုးရကြောင်း ပင်ခြားတန်းခြားကို အနည်းဆုံး ၉ ပေ၊ ၁၀ ပေခန့်ထားပြီး စိုက်ပျိုးနိုင်ပါတယ်။ စိုက်ပျိုးပြီး (၂)နှစ်ကြာရင် အသီးအပွင့်များ စတင်ထွက်ရှိကြောင်း၊ စိုက်ပျိုးထားတဲ့ သံပုရာပင်တွေဟာ အသီးများလှိုင်လှိုင် ဆွတ်ခူးရောင်းချနေရပြီ ဖြစ်သည်။
ဈေးနှုန်းနှင့် ထွက်ရှိမှု အနေဖြင့် သံပုရာသီး တစ်လုံးကို ငွေကျပ် ၅၀ဖြင့် လက်ကားပေးနေပြီး ဈေးကွက်အတွင်း ၁၀၀/-ကျပ်ဖြင့် ရောင်းချရပါသည်။ သံပုရာပင်သီးနှံဟာ တစ်နှစ်(၃)ကြိမ် သီးတာဖြစ်လို့ တစ်ပင်ဆိုရင် သံပုရာသီး အလုံးရေ ပျမ်းမျှ ၅၀၀ခန့် ဆွတ်ခူးရပါတယ်။ စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် ငွေကျပ် သိန်း ၁၀ကျပ်သာကုန်ကျခဲ့ပြီး ၂၀၁၈ခုနှစ်တည်းက စိုက်ပျိုးထားခြင်းဖြစ်ကြောင်း သိရသည်။ အထွက်နှုန်းအနေဖြင့် ဧပြီလမှ ဇွန်လအထိ ၃လတာ ကာလ ထွက်ရှိပြီး အလုံးရေ ၃၀၀၀၀ခန့်ထွက်ရှိကြောင်း စိုက်ပျိုးသူထံမှ သိရသည်။ အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၅၀၀၀၀၀/-ကျန်ရှိကြောင်း အပင်စိုက်ပျိုးပြုစုနိုင်ပါက တစ်နှစ်တာကာလတွင် ၃ကြိမ်သီးသဖြင့် တစ်နှစ်အတွင်း သံပုရာပင်မှ ဈေးနှုန်း အတက်အကျပေါ်မူတည်၍ ၁၅သိန်းမှ သိန်း၂၀ အတွင်းရရှိ၍ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ငန်း လုပ်ကိုင်သည့် ဒေသခံတစ်ဦးက ပြောပြ၍သိရသည်။
DOCA(ဧရာဝတီ)