
၂၄.၁.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးဇော်ဦးသည် အခြားမိတ်ဖက်ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်း၍ ယူရီးယားဓာတ်မြေဩဇာရောင်းချလျက်ရှိသော အရောင်း ဆိုင်များသို့ ရည်ညွှန်းဈေးအပေါ် ထိုက်သင့်သောအကျိုးအမြတ်ရယူ၍ ရောင်းချပေးခြင်း ရှိ/မရှိ ကိုဓာတ်မြေဩဇာအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်အတွင်း ဓာတ်မြေဩဇာရောင်းချနေသည့်ဆိုင်များတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ယူရီးယားဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေနှင့်မသက်ဆိုင်သည့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ရန်ကုန်အထိုင်ဈေးနှုန်း ယူရီးယား(အလုံးကြီး) ၅၀ ကီလိုတစ်အိတ်လျှင် ကျပ် ၉၇၀၀၀၊ ရောင်းချသည့်ဈေးနှုန်း ကျပ် ၁၁၀၀၀၀၊ ဈေးနှုန်းကွာခြားချက်မှာ ကျပ် ၁၃၀၀၀ ဖြစ်ပြီး၊ Rock Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတစ်အိတ်လျှင် ရန်ကုန်အထိုင်ဈေးနှုန်း ကျပ် ၁၂၄၀၀၀၊ ရောင်းချသည့် ဈေးနှုန်း ကျပ် ၁၅၀၀၀၀၊ ဈေးနှုန်းကွာခြားချက်မှာ ကျပ် ၂၆၀၀၀ ဖြင့်အရောင်းအဝယ်ဖြစ်နေ ကြောင်းသိရသည်။
မြို့နယ်အတွင်းရောင်းချလျှက်ရှိသော ယူရီးယားဓာတ်မြေဩဇာအရောင်းဆိုင်များတွင် သတ်မှတ်ထားသော ရည်ညွှန်းဈေးအပေါ် သယ်ယူပို့ဆောင်စရိတ်၊ လုပ်သားခ၊ သိုလှောင်ထိန်း သိမ်းခနှင့် ထိုက်သင့်သော အကျိုးအမြတ်ရယူ၍ ရောင်းချလျှက်ရှိကြောင်း သိရသည်။
DOCA(မွန်)