Main menu

အုတ်တွင်းမြို့တွင် စားသုံးဆီရောင်းချသည့် ဆိုင်ကြီးများအား အသိပညာပေးဆွေးနွေး

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့် ဝန်ထမ်းများသည် မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့ပေါ်ရှိ စားသုံးဆီရောင်းချသော ဆိုင်ကြီးများသို့ သွားရောက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြည်ပမှ တင်သွင်းလာသည့် စားအုန်းဆီများ ဖြန့်ဖြူးသယ်ယူပို့ဆောင်ရာတွင် ညွှန်ကြားချက်များကို လိုက်နာရေး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ သည် သတ်မှတ်ကာလ ၆ လ ပြည့်တော့မည်ဖြစ်သဖြင့် လိုက်နာဆောင်ရွက်ရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

              မြို့နယ်တာဝန်ခံက စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် မေလ ၁ ရက် နေ့မှ စတင်၍ ဆီကန်မှ ထုတ်ယူသော စားသုံးဆီများအား Food Grade အဆင့်ရှိ အဝါရောင်ပေပါ (သို့မဟုတ်) သန့်စင်ပြီး ပေပါအဟောင်း၊ စားသုံးဆီသီးသန့်သယ်ဆောင်သော ဘောက်ဆာယာဉ်များ နှင့် သန့်စင်ပြီး Food Grade Tank များသို့သာ ဆီဖြည့်ပေးမည်ဖြစ်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိသည့် ပေပါများ၊ ဘောက်ဆာယာဉ်များအတွင်းသို့  ဆီဖြည့်ပေးမည်မဟုတ်ကြောင်း အသိပေး ကြေညာထားပါသဖြင့် မိမိမြို့နယ်အတွင်းရှိ ဆီကုန်သည်များအနေဖြင့် ရန်ကုန်မြို့ရှိ ဆီလှောင်ကန်များသို့ ဆီများသွားရောက်ထုတ်ယူရာတွင် ယင်းညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရန် လို ပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသော ဆီအမျိုးအစားနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကိုအခြေခံသော ကုန်စည်အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရန်၊ ကုန်စည်အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့်ဖော်ပြရန် ညွှန်ကြားထားပါကြောင်း၊ ယင်းညွှန်ကြားချက်သည် ဇွန်လ ၂၀ ရက်နေ့တွင် သတ်မှတ်ကာလပြည့်မီ၍ အာဏာတည်မည်ဖြစ်ပါဖြင့် လုပ်ငန်းရှင်များအနေဖြင့် အလေးထား လိုက်နာဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ပါသည်။

              ထို့နောက် မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီများတွင် ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ကို လိုက်နာဆောင်ရွက်ခြင်းရှိ၊ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပြီး စားအုန်းဆီများ ဖြန့်ဖြူးသယ်ယူပို့ဆောင်ခြင်းနှင့် ပတ်သက်သည့် အသိပေးကြေညာချက်ကို ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)