Main menu

မုံရွာဈေးကွက်၌ စွန်တာပဲများ ဈေးကောင်းရနေ

Powered by Drupal

                    မုံရွာနယ်တဝိုက်ရှိ မုံရွာ၊ ချောင်းဦး၊ ကနီ၊ ဘုတလင်၊ ဆားလင်းကြီးနှင့် မြောင်မြို့နယ်တို့သည် ချင်းတွင်းမြစ်ရိုးတစ်လျှောက်တွင် တည်ရှိပြီး နှစ်စဉ်ပဲမျိုးစုံသီးနှံကို အဓိကထား စိုက်ပျိုးထုတ်လုပ်လျှက်ရှိသည့် ဒေသများဖြစ်ပါသည်။ ပဲမျိုးစုံသီးနှံများအနက် စွန်တာပဲများမှာ ဈေးကွက်ရရှိနေသည့်အတွက် တစ်နှစ်ထက်တစ်နှစ် စိုက်ဧကများ တိုးတက်လျှက်ရှိကြောင်း သိရှိရပါသည်။

               စွန်တာပဲများကို မိုး၊ ဆောင်းရာသီနှစ်မျိုးစလုံးတွင် စိုက်ပျိုးကြကြောင်း၊ ယခုအချိန်ကာလတွင် ဆောင်းစိုက်စွန်တာပဲများ လှိုင်လှိုင်ပေါ်နေပြီး ဈေးကောင်းရရှိနေကြောင်း တောင်သူများထံမှ သိရှိရပါသည်။ ယခင်က စွန်တာ(ဆောင်း)ပဲများကို ညံ့သည့် မြေအတန်းအစားများတွင် ပုံမှန်စိုက်ပျိုးကြသော်လည်း ယခု( ၄-၅)နှစ်အတွင်း မြေပဲဖြစ်ထွန်းသည့် နှုံးတင်မြေနုကျွန်းများတွင်ပင် စိုက်ပျိုးလာခဲ့ကြကြောင်း၊ မြေပဲသီးနှံမှာ တစ်ဧကကုန်ကျစရိတ် မြင့်မားပြီး သီးနှံပေါ်ချိန်ဈေးကောင်းမရရှိသည့်အတွက် အကျိုးအမြတ်မရရှိခဲ့ကြောင်း၊ စိုက်ပျိုးစရိတ်သက်သာပြီး အကျိုးအမြတ်ပိုမိုရရှိသည့် စွန်တာပဲများကို ပြောင်းလဲစိုက်ပျိုးလာခြင်းဖြစ်ကြောင်း တောင်သူများထံမှ သိရှိရပါသည်။

                ယခုနှစ်တွင် ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ မြေနုကျွန်းများပေါ်တွင် ယခင်နှစ်ကထက် စွန်တာပဲစိုက်ဧကများ ပိုမိုများပြားလာခဲ့ကြောင်း၊ ယခုနှစ်ချင်းတွင်းမြစ်ရေ ဝင်ရောက်မှုမရှိသည့်အတွက် ပွင့်ကင်းမဝင်မီ ရေတစ်ရေပေးသွင်းခဲ့ရကြောင်း၊ ယခင်နှစ်ကထက် တစ်ဧကကုန်ကျစရိတ်ပိုမိုခဲ့သော်လည်း အထွက်နှုန်းအနည်းငယ်ပိုခဲ့သလို ဈေးနှုန်းလည်းမြင့်တက်ခဲ့သည့်အတွက် အကျိုးအမြတ်ရရှိခဲ့ပါကြောင်း၊ ယခုနှစ်တွင် တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်(၂)သိန်းကျော် ကုန်ကျခဲ့ပြီး တစ်ဧက (၁၈) တင်းခန့် ထွက်ရှိခဲ့ကြောင်း၊ တစ်တင်း(၄၀၀၀၀)ကျပ်ဖြင့် ရောင်းချခဲ့ရသည့်အတွက် တစ်ဧက (၅) သိန်းဝန်းကျင်ခန့် အကျိုးအမြတ်ရရှိခဲ့ကြောင်း တောင်သူဦးဌေးလွင်၏ ပြောပြချက်အရ သိရှိရပါသည်။

              လက်ရှိမုံရွာဈေးကွက်အတွင်း၌ စွန်တာပဲတစ်တင်း (၄၀၀၀၀) ကျပ်ဝန်းကျင်ပေါက်ဈေးရှိပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက တစ်တင်း (၇၀၀၀-၈၀၀၀) ကျပ်ခန့် ဈေးမြင့်လျက်ရှိကြောင်း၊ ဈေးကောင်းရနေသည့်အတွက် နယ်အဝင်များလျှက်ရှိကြောင်း၊ တစ်ရက်ပျှမ်းမျှစွန်တာပဲ အိတ် (၅၀၀) ခန့်ရောင်းဝယ်ဖြစ်လျှက်ရှိကြောင်း၊ ဒေသတွင်းပဲကြော်ဖိုလုပ်ငန်းများမှ ကုန်ကြမ်းဝယ်ယူစုဆောင်းမှုများရှိနေပြီး မန္တလေးနှင့် ပခုက္ကူမြို့ကြီးများမှလည်း ပုံမှန်ဝယ်ယူမှုရှိနေသည့်အတွက် ဈေးကောင်းရရှိနေကြောင်း ကုန်သည်အသိုင်းအဝိုင်းမှ ပြောပြချက်အား ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)