Main menu

ဆိပ်ဖြူမြို့နယ်၌ ဆောင်းသီးနှံကုလားပဲ(သီးထပ်)စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိနေ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ဧရာဝတီမြစ်ရိုးတလျှောက်ရှိ ကျေးရွာများ၌ ကိုင်းကျွန်းမြေနုများတွင် စိုက်ပျိုးသည့် မိုးကြက်သွန်နီ စိုက်ခင်းကျွတ်များတွင် ဆောင်းသီးနှံကုလားပဲ သီးထပ်စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိနေကြောင်းသိရှိရသည်။

         ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးလက်နေ ဒေသခံတောင်သူများသည် ကြက်သွန်နီအပြင် ကုလားပဲသီးနှံကို ဒုတိယအများဆုံး ဒေသစီးပွားဖြစ်စိုက်ပျိုးကြကြောင်း၊ ယခုနှစ်များစွာက ကုလားပဲကို ဆောင်းတစ်ရာသီလျှင် တစ်ကြိမ်သာစိုက်ပျိုးကြောင်း၊ ပြီးခဲ့သည့်နှစ်မှစ၍ ကြက်သွန်နီခင်းကျွတ်များတွင် စတင်စိုက်ပျိုးလာပြီး ယခုနှစ်တွင် စိုက်ပျိုးမှု ပိုမိုများလာကြောင်းသိရှိရပါသည်။

    ဆောင်းသီနှံ ကုလားပဲသီးထပ်စိုက်ပျိုးမှုကို ဒီဇင်ဘာလ၊ ဇန်နဝါရီလများတွင် မိုးကြက်သွန်နီစိုက်ခင်းများမတူးဖော်ခင် ရက်(၂၀)ခန့်အလိုတွင် ကြက်သွန်ခင်းမြောင်းကြား၌ တန်းကြား(၁)ပေ၊ ပင်ကြား(၅)လက်မအကွာဖြင့် မျိုးစေ့များကိုစူးထိုးပြီး အစေ့ချစိုက်ပျိုးကြောင်း၊ မတ်လကုန် ဧပြီလ လဆန်းပိုင်းတွင် သီးနှံများလှိုင်လှိုင်ရိတ်သိမ်းကြောင်း၊ တစ်ဧကလျှင် မျိုးစေ့(၂)တင်းခန့်ကုန်ကျကြောင်း၊ ယခုနှစ်တွင် ကုလားပဲသီးထပ်စိုက်ပျိုးမှုဧက (၇၀၀)ခန့်ရှိကြောင်း၊ ယခင်နှစ်တွင် စိုက်ဧက (၅၀၀)ခန့်သာစိုက်ပျိုးကြောင်း၊ ကုလားပဲသီးနှံသည် စိုက်ပျိုးရလွယ်ကူ၍ ကုန်ကျစရိတ်နည်းပြီး အကျိုးအမြတ်များစွာရရှိခြင်းကြောင့် ယခုနှစ်တွင် သီးထပ်စိုက်ပျိုးမှုကိုတိုးချဲ့စိုက်ပျိုးလာကြောင်း ဒေသခံတောင်သူများထံမှသိရှိရပါသည်။

        စိုက်ပျိုးထွက်ရှိမှုအနေဖြင့် ကုလားပဲသီးနှံသည် ကောင်းကင်ကျမိုးရေကို နှစ်သက်ခြင်းမရှိဘဲ မြေအောက်ရေကိုသာ ကြိုက်နှစ်သက်ခြင်းကြောင့် ယခုနှစ် သီးနှံစိုက်ပျိုးပြီး အပွင့်လိုက်ချိန်တွင် ရာသီဥတုကင်းစင်ပြီး မိုးရွာသွန်းခြင်းမရှိ၍ ကုလားပဲတစ်ဧကလျှင် (၂၂)တင်းခန့်ထွက်ရှိ၍ အထွက်နှုန်းကောင်းကြောင်း၊ ဈေးကွက်အနေဖြင့် သီးနှံပေါ်ချိန် ဧပြီလဆန်းပိုင်းတွင် ကုလားပဲများ ဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း၊ ပြည်ပဝယ်လိုအားနည်း၍ ပဲဈေးကွက်အနည်းငယ်ကျဆင်းပြီး တစ်တင်းလျှင် ကျပ်(၈၀၀၀၀) ပေါက်ဈေးရှိ၍ တစ်ဧကလျှင် ကျပ်(၁၇၆၀၀၀၀)ဝင်ငွေရရှိပြီး ကုန်ကျစရိတ်အနေဖြင့် သွန်းအားစုအမျိုးမျိုးထည့်သွင်းစိုက်ပျိုးထားရှိသော မိုးကြက်သွန်နီစိုက်ခင်းသစ်များတွင် သီးထပ်အဖြစ် ထပ်မံစိုက်ပျိုးခြင်းအပြင် မြေပြုပြင်စရိတ်နည်းခြင်းကြောင့် ကုန်ကျစရိတ်လျော့နည်း၍ တစ်ဧကလျှင် ကျပ်(၄၀၀၀၀၀)ခန့်ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၁၃၆၀၀၀၀)ခန့်ရရှိကြောင်း၊ တောင်သူတစ်ဦးလျှင် (၀.၅)ဧကမှ (၃)ဧကထိစိုက်ပျိုးကြောင်း၊ စိုက်ပျိုးမှုဧကများလျှင် များသည့်အတိုင်း အကျိုးအမြတ်ပိုမိုရရှိကြောင်း၊ ဆိပ်ဖြူမြို့မှထွက်ရှိသည့် ကုလားပဲများကို မြို့ပေါ်ရှိ ပဲပွဲရုံများနှင့် ချောက်မြို့ပေါ်ရှိ အေဝမ်းပွဲရုံသို့ ရောင်းချလျက်ရှိကြောင်း၊ ယခုအချိန်တွင် ကုလားပဲသီးနှံမှာ ပြည်တွင်းစားသုံးမှုပိုမိုမြင့်မားလျက်ရှိပြီး ပြည်ပဝယ်လိုအားလည်းကောင်း၍ ဈေးကွက်ခိုင်မာမှုရှိခြင်းတို့ကြောင့်  တောင်သူများအနေဖြင့် ယင်းသီးနှံကို နှစ်စဉ်မပြတ်တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)