Main menu

ပဲကြီးသီးနှံ၏ နှစ်အလိုက်ရရှိခဲ့သော ဈေးနှုန်းအခြေအနေ

Powered by Drupal

      ပြည်ပဲဈေးကွက်၌ ပဲမျိုးစုံ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပြည်ပဝယ်လိုအားပဲများအပြင် ပြည်တွင်းစားသုံးမှုများသော ပဲများဖြစ်သည့် ပဲကြီး၊ ကုလားပဲ၊ ပဲနီပြား၊ ပဲထောပတ် စသည့်သီးနှံများလည်း ဝင်ရောက်မှုများလာပြီဖြစ်ကြောင်းသိရပါသည်။ အဆိုပါဝင်ရောက်လာသည့် ပဲများအနက် ပဲကြီးသီးနှံကိုမူ ဈေးအမြင့်ဖြင့် ဈေးကွက်အတွင်း ရောင်းဝယ်နေကြပြီး နှစ်စဉ်လိုလို ပဲဈေးကွက်၌ အခြားပဲများထက် ဈေးကောင်းရလျက်ရှိသော ပဲသီးနှံဖြစ်ပါသည်။ ပဲကြီးသီးနှံ၏ နှစ်အလိုက် ကာလတူချိန် ပဲဈေးနှုန်းများကို အောက်ပါအတိုင်းလေ့လာသိရှိရပါသည်။

     ၂၀၂၁ခုနှစ်၊ မတ်လအတွင်း ပဲကြီးအထွက်လှိုင်ချိန်၌ ပဲဈေးနှုန်းမှာ (ရွှေကျွန်း) တစ်တင်းလျှင် ၃၀၀၀၀ကျပ်၊ ကမ်းနားတစ်တင်းလျှင် ၂၉၀၀၀ကျပ်ရရှိနေသည့်အတွက် ပဲဈေးကွက်မှာ အခြားပဲများထက် ဈေးပိုနေခဲ့ပြီး ၂၀၂၂ခုနှစ်တွင်လည်း ပဲဈေးနှုန်းသိသိသာသာမြင့်တက်လာခဲ့ပြီး (ရွှေကျွန်း) တစ်တင်းလျှင် ၆၆၀၀၀ကျပ်နှင့် (ကမ်းနား)တစ်တင်းလျှင် ၆၄၀၀၀ကျပ်အထိ ရှေ့နှစ်ထက် ပိုမိုမြင့်တက်လာခဲ့ကာ ပဲဈေးကွက်၌ာလည်း ဈေးအမြင့်ဖြင့် ရောင်းဝယ်နေခဲ့သည့် သီးနှံဖြစ်ပါသည်။ ၂၀၂၃ခုနှစ်တွင် ပဲဈေးနှုန်းထပ်မံမြင့်တက်လာခဲ့ပြီး ရွှေကျွန်းတစ်တင်းလျှင် ၈၁၀၀၀ကျပ်၊ ကမ်းနားတစ်တင်းလျှင် ၇၈၀၀၀ကျပ် အထိရရှိကာ ပြည်ပဝယ်လိုအားရှိသော မတ်ပဲသီးနှံထက်ပင် ဈေးဆက်လက်မြင့်တက်လျက်ရှိခဲ့ပါသည်။ ၂၀၂၃ခုနှစ်အတွင်း ပဲသီးနှံအားလုံးလိုလို ဈေးနှုန်းများမြင့်တက်လာသော်လည်း ပဲကြီးသီးနှံဈေးကိုမမီဘဲ ဈေးကွက်၌ ဈေးအမြင့်ဖြင့်သာ ရောင်းဝယ်နေခဲ့သော ပဲဖြစ်ပါသည်။

      ၂၀၂၄ခုနှစ်တွင်မူ ပြည်ပဝယ်လက်ရှိသော မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲသီးနှံများဈေးနှုန်းမှာ ယခင်နှစ်ထက် သိသိသာသာမြင့်တက်လာကြပြီး အဆိုပါပဲများမှာ ယခုကာလ၌ ဈေးကွက်အတွင်း အရောင်းအဝယ်သွက်နေကြပြီး ပဲကြီးသီးနှံမှာလည်း ပဲအထွက်လှိုင်လာချိန်ဖြစ်သောကြောင့် ဈေးကွက်အတွင်း နေ့စဉ်ဝင်ရောက်မှုများရှိလာကာ ရောင်းဝယ်မှုအနေဖြင့် လက်လီ/လက်ကား အရောင်းအဝယ်ဖြစ်နေခဲ့ပါသည်။ ပဲကြီးသီးနှံ၏ ယခုကာလပေါက်‌ဈေးမှာ ရွှေကျွန်းတစ်တင်းလျှင် ၈၅၀၀၀ကျပ်၊ ကမ်းနားတစ်တင်းလျှင် ၈၄၀၀၀ကျပ်ဈေးနှုန်းအသီးသီးဖြင့် ရောင်းဝယ်လျက်ရှိကာ ယခင်နှစ်ကာလတူအချိန်၌ ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းထက် ဈေးအနည်းငယ်ပိုရလာသော်လည်း ယခုနှစ်မတ်ပဲဈေးမြင့်တက်လာသည့်အတွက် မတ်ပဲသီးနှံဈေးနှုန်းအောက် ဈေးလျော့သွားခဲ့ပါသည်။ ပဲကြီးသီးနှံအစိုကို ရေစိမ်ရောင်းချသည့် ဈေးမှာ ဟင်းသီးဟင်းရွက်ဈေးကွက်၌ နို့ဆီဘူးတစ်ဘူးလျှင် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်အထိရောင်းချမှုများရှိကြပါသည်။ ပဲကြီးဟင်းချက်ပြုတ်ပြီး ဆူးပုတ်ရွက်အုပ်ကာ မရမ်းသီးထောင်း၊ မရမ်းသီးကြော်များနှင့် ယခုကာလတွင် တွဲဖက်စားသုံးကြကာ ထမင်းမြိန်စေသော ဟင်းအမယ်လည်းဖြစ်ပါသည်။

      ပဲကြီးသီးနှံအား မိုးနှောင်းကာလ ဇူလိုင်လ၊ ဩဂုတ်လအတွင်း စိုက်ပျိုးကြကာ ဖေဖော်ဝါရီလတွင် ပဲသစ်များပေါ်လာပြီး ယခုအချိန်တွင်မူ ပဲအထွက်လှိုင်လာပြီဖြစ်ပါသည်။ ပဲကြီးသီးနှံအစိုရော အခြောက်ပါ ဈေးကောင်းရရှိပြီး ဝင်လာသမျှပဲများအား ပဲကြော်ဖိုလုပ်ငန်းသမားများ အဓိကဝယ်ယူကြသည်ဟုသိရပါသည်။ ထို့ကြောင့် ပဲကြီးသီးနှံမှာ အဝင်ရှိသမျှ အရောင်းအဝယ်ဖြစ်နေသော သီးနှံဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)