Main menu

ပခုက္ကူမြို့တွင် ဆန်ဈေးနှုန်းများတည်ငြိမ်နေ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် စပါးစိုက်ဧကနည်းပြီး ဆန်လိုဒေသ ဖြစ်သောကြောင့် အခြားတိုင်းဒေသများနှင့် မြို့နယ်များမှ ဆန်တင်သွင်းရသောမြို့ဖြစ်ပါသည်။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်၊ မြောင်းမြမြို့များမှ ရေလမ်းကြောင်းဖြင့် အများဆုံးဝင်ရောက်ပြီး ရွှေဘိုခရိုင်၊ ဆင်ဖြူကျွန်း၊ စလင်း ဒေသများမှလည်း နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။

      ယခုအချိန်တွင် ပခုက္ကူဒေသ၌ ဆန်အသစ်များ ဝင်ရောက်လျက်ရှိပြီး မတ်လ(စတုတ္ထပတ်) တွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများသည် ယခု ဧပြီလ(ပထမပတ်)ထိ ဈေးငြိမ်နေသည်ကို တွေ့ရှိရ ပါသည်။ အများသုံးဆန်ဖြစ်သော မြောင်းမြ ဧရာပဒေသာ ဆန်ဈေးနှုန်းမှာ တစ်အိတ်လျှင် ကျပ် (၁၄၀၀၀၀) စလင်းမြို့နယ်၊ ရှောက်တောမှလာသော ဧရာပဒေသာဆန်(အသစ်)တစ်အိတ်လျှင် ကျပ်(၁၆၀၀၀၀) ရှိပါသည်။ ဧည့်မထ ဆန်မျိုးဖြစ်သော ချန်ဧရာ တစ်အိတ်လျှင် ကျပ်(၁၁၀၀၀၀)၊ မနောဖြူ (အသစ်)တစ်အိတ်လျှင် ကျပ်(၁၁၂၀၀၀)၊ နေလဆန် တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ ဝန်ကြီးပဒေသာ ဆန်တစ်အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ ဧရာမင်းဆန်(ရှယ်)တစ်အိတ်လျှင် ကျပ် (၁၁၂၀၀၀)၊ မနောသုခ(အသစ်) တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ ချန်သုခ(အသစ်) တစ်အိတ်လျှင် ကျပ်(၈၇၀၀၀)၊ နေလ ဧရာပဒေသာဆန်(ရှယ်) တစ်အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ နေလ/၂၂ တစ်အိတ်လျှင် ကျပ် (၉၅၀၀၀)  ၊မိုးဇလပ် (နွေဆန်အသစ်) တစ်အိတ်လျှင် ကျပ်(၇၅၀၀၀) ၊ နွေဇလပ် (အသစ်) တစ်အိတ်လျှင် ကျပ် (၇၂၀၀၀)၊ ဇီယာဆန်(အသစ်) တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ ပွင့်ဖြူသစ်(မနောဖြူ အသစ်)တစ်အိတ်လျှင် ကျပ်(၁၀၅၀၀၀)၊ အောင်သုခ (အသစ်) ကျပ်(၉၅၀၀၀) ဈေးဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကောက်ညှင်းဆန်(အသစ်) တစ်အိတ်လျှင် ကျပ်(၁၂၀၀၀၀)ဖြင့် ဈေးတည်ငြိမ်နေကြောင်း သိရှိရပါသည်။ ဧရာဝတီဘက်မှဝင်ရောက်လာသော ဆန်များမှာ အရည်အသွေး အနည်းငယ်နိမ့်သော်လည်း ပြည်သူများစားသုံးနိုင်သော ဈေးနှုန်းရှိသော ကြောင့် အရောင်းအဝယ် ပိုဖြစ်ကြောင်း သိရှိရပါသည်။

     ပေါ်ဆန်းမွှေးမှာ ဒုတိယအများဆုံး စားသုံးသော ဆန်ဖြစ်ပြီး မြောင်းမြဒေသမှ ဝင်ရောက်သလို ရွှေဘိုဒေသမှလည်း အများဆုံးဝင်ရောက်ပါသည်။ ရွှေဘို ပေါ်ဆန်းမွှေးမှာ ပိုမိုအရည်အသွေးကောင်းမွန်ပြီး ယခုဧပြီလ (ပထမပတ်)တွင် (ရှယ်)တစ်အိတ်လျှင် ကျပ်(၁၆၀၀၀၀-၁၆၅၀၀၀)၊ ရွှေထိုက် (ပေါ်ဆန်းအသစ်)တစ်အိတ်လျှင် ကျပ်(၁၅၅၀၀၀)၊ တိုးတိုးနွယ် တစ်အိတ်လျှင် ကျပ်(၁၆၅၀၀၀)၊ မြောင်းမြပေါ်ဆန်းမှာ တစ်အိတ်လျှင်ကျပ်(၁၅၀၀၀၀)နှင့်အရောင်းအဝယ်ဖြစ်နေကြောင်း ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရှိရပါသည် ။

DOCA(မကွေး)