Main menu

ဆောင်းသီးနှံ ကျွန်းစားတော်ပဲစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးကွက်အခြေအနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံအနက် ဆောင်းသီးနှံ ကျွန်းစားတော်ပဲစိုက်ပျိုးမှုကိုလည်း ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကိုင်းကျွန်းမြေများတွင် သီးညှပ်စိုက်ခင်းအပြင် သီးသန့်စိုက်ပျိုးမှုကိုလည်း နှစ်စဉ်စိုက်ပျိုးကြောင်း၊ ယခုနှစ် မြစ်ရေတက်ချိန်တွင် စိုက်ခင်းများအတွင်း သဲနုန်းမြေများ မြေသားတင်မှုများခြင်းကြောင့် စားတော်ပဲစိုက်တောင်သူများ နှစ်စဉ်ထက် စိုက်ဧကများလာကြောင်း၊ ယခင်နှစ်တွင် စိုက်ဧက(၂၀၀၀)ခန့်စိုက်ပျိုးပြီး ယခုနှစ်တွင် ဧက(၂၅၀၀)တိုးချဲ့စိုက်ပျိုးကြောင်း၊ စားတော်ပဲသီးနှံကို တန်ဆောင်မုန်းလဆန်းပိုင်းတွင်စတင်၍ ကျဲပက်စိုက်ပျိုးပြီး တပေါင်းလဆန်းပိုင်းတွင် သီးနှံရိတ်သိမ်းကြောင်း၊ မြေအောက်ရေအပြင် ရေသွင်းစနစ်ဖြင့် စိုက်ပျိုးမှုများကြောင်း၊ စားတော်ပဲသီးနှံသည် ပြည်တွင်းသုံးစွဲမှုများပြီး ဈေးကွက်ခိုင်မာမှုရှိ၍ စိုက်တောင်သူများက နှစ်စဉ်စိုက်ပျိုးကြောင်းသိရှိရသည်။

       ကျွန်းစားတော်ပဲသီးနှံတစ်ဧကစိုက်ပျိုးလျှင် မျိုးစေ့(၂)တင်း(၈)ပြည်ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးချိန်တွင် မျိုးစေ့(၁)ပြည်လျှင် ကျပ်(၉၀၀၀)၊ (၁)တင်းလျှင် ကျပ်(၁၄၀၀၀၀)ဈေးနှုန်းဖြင့် ဝယ်ယူရကြောင်း၊ စားတော်ပဲသီးသန့်စိုက်ခင်းများမှာ ရေသွင်းစိုက်ပျိုးပါက အထွက်နှုန်းကောင်းမွန်ကြောင်း၊ တောင်သူများအနေဖြင့် မြေပဲခင်းများကြားတွင် သီးညှပ်စိုက်ပျိုးမှုများကြောင်း၊ (၁)ဧကကုန်ကျစရိတ်အနေဖြင့် သီးညှပ်စိုက်ခင်းများတွင် ကုန်ကျစရိတ်နည်းသော်လည်း သီးသန့်စိုက်ပျိုးပါက (၁)ဧကလျှင် ကျပ်(၅၀၀၀၀၀) ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် တင်း(၁၀ - ၁၅)ထိထွက်ရှိကြောင်း၊ ယခုနှစ်၌ စားတော်ပဲဖြစ်ထွန်းမှုများ၍ အထွက်နှုန်းကောင်းကြောင်း၊ ဒေသတွင်းကျွန်းစားတော်ပဲသီးနှံဈေးကွက်တွင် မြို့ပေါ်ရှိ စားတော်ပဲကြော်လုပ်ငန်းရှင်များ၊ စားသောက်ကုန်လုပ်ငန်းရှင်များနှင့် ပဲပြုတ်ရောင်းချသူများက ဝယ်ယူသိုလှောင်ထားရှိ၍ စားတော်ပဲ(၁)တင်းလျှင် ကျပ်(၁၀၀၀၀၀)ပေါက်ဈေးရှိ၍ (၁)ဧကဝင်ငွေမှာ ကျပ်(၁၅၀၀၀၀၀)ခန့်ရရှိပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၁၀၀၀၀၀၀)ခန့်ရရှိကြောင်း၊ ယခုနှစ်တွင် စားတော်ပဲသီးနှံဈေးကွက်ကျဆင်းသော်လည်း အထွက်နှုန်းကောင်းမွန်ခြင်းကြောင့် စိုက်တောင်သူများအဆင်ပြေကြောင်း ဒေသခံတောင်သူမှတစ်ဆင့်သိရှိရသည်။

         စားတော်ပဲသီးနှံမှာ ပြည်တွင်းစားသုံးမှုပဲများအနက် တစ်မျိုးအပါအဝင်ဖြစ်ပြီး စားသုံးရာတွင်လည်း အရသာအကောင်းဆုံးပဲတစ်မျိုးဖြစ်၍ ပြည်တွင်းစားသုံးမှုများပြီး ဆန်စိုက်ဧက နည်းပါး၍ စားသုံးမှုလိုအပ်ချက်အရ ပြည်ပနိုင်ငံများမှ တင်သွင်းရခြင်းကြောင့် ပြည်တွင်းဈေးကွက်ခိုင်မာလျက်ရှိသော သီးနှံဖြစ်၍ စိုက်တောင်သူများအနေဖြင့် ကျွန်းစားတော်ပဲသီးနှံများ စိုက်ပျိုးရရှိသည့်မြေများတွင် နှစ်စဉ်မပြတ်တိုးချဲ့စိုက်ပျိုးသင့်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

DOCA(မကွေး)