Main menu

မြိတ်ခရိုင်၏ ဆန်လိုအပ်မှုအတွက် လာရောက်တွေ့ဆုံဆွေးနွေး

Powered by Drupal

      ၂၀၂၄ခုနှစ်၊ မတ်လ(၂၆)ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် မြိတ်ခရိုင်ဆန်ကုန်သည်များအသင်းဥက္ကဋ္ဌသည် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ စားသုံးသူရေးရာဦးစီးဌာနသို့လာရောက်၍ ခေတ္တ ခရိုင်ဦးစီးမှူးနှင့်တွေ့ဆုံကာ မြိတ်ခရိုင်အတွက် ဆန်လိုအပ်မှုနှင့်ပတ်သက်၍ ဧရာဝတီတိုင်းမှ ဆန်များသယ်ယူနိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၌ လူဦးရေ (၇၅၀၀၀၀) ကျော်ရှိပြီး စပါးစိုက်ပျိုးမှု (၁၂၃၉၄၄)ဧကအနက် ရိတ်သိမ်းပြီးသည့် (၁၁၇၃၇၇)ဧကတွင် စပါးအထွက်နှုန်းမှာ (၈၅၄၇၆၂၈)တင်းထွက်ရှိပြီး ဆန်တန်အနေဖြင့် (၈၅၄၇၆)တန်ထွက်ရှိသော်လည်း စားသုံးပိုလျှံတွက်ချက်မှုအရ ဒေသစားသုံးရန်ဖူလုံမှုမရှိသောကြောင့် အခြားတိုင်းဒေသကြီးများဖြစ်သော ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့မှ နှစ်စဉ်ဆန်များဝယ်ယူခဲ့ရကြောင်းသိရှိရပါသည်။

      (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် ဧရာဝတီတိုင်းမှ တစ်လလျှင် ဆန်တန်(၃၀၀၀)နှင့် ရန်ကုန်တိုင်းမှ ဆန်တန်(၁၀၀၀)ခန့်၊ စုစုပေါင်းဆန်တန်(၄၀၀၀)ခန့်ဝယ်ယူခွင့်ရရှိခဲ့ကြောင်း သိရှိရပါသည်။ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလအထိ ဆန်(၁၆၄၀၁.၂၅)တန်သယ်ယူခဲ့ပြီးဖြစ်၍ (၄၅၄၈.၇၅) တန်ကျန်ရှိရာ ယခုမတ်လအတွင်း ဆက်လက်သယ်ယူလျက်ရှိကြောင်းနှင့် ခွင့်ပြုဆန်တန်လက်ကျန်များရှိခဲ့လျှင်လည်း (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်အတွက် ခွင့်ပြုဆန်များဖြစ်သောကြောင့် သယ်ယူခွင့်မရှိတော့ပြီဖြစ်၍ သယ်ယူခြင်းမပြုတော့ကြောင်းသိရှိရပါသည်။

      ဆက်လက်၍ မြိတ်ခရိုင်ဆန်ကုန်သည်အသင်းဥက္ကဋ္ဌသည် (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် ပထမ (၆)လအတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ မြိတ်ခရိုင်ဆန်ကုန်သည်များအသင်းအနေဖြင့် တစ်လလျှင် ဆန်(၃၀၀၀)တန်ဖြင့်  စုစုပေါင်းဆန် (၁၈၀၀၀) တန်၊ အိတ်ရေအားဖြင့်  (၃၆၀၀၀၀)အိတ်ဆက်လက်ဝယ်ယူရန်အတွက် ခွင့်ပြုမိန့်တင်ပြတောင်းခံထားကြောင်းနှင့် မြိတ်ခရိုင်၊ ဒေသစားသုံးမှုဖူလုံရေးအတွက် ဧပြီလအတွင်း အမြန်ဆုံးသယ်ယူနိုင်ရေး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဧရာဝတီတိုင်း၊ စားသုံးသူရေးရာဦးစီးဌာနတို့နှင့် ဆက်သွယ်ကူညီဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)