Main menu

ခရမ်းမြို့နယ်၌ ဆောင်းဆီထွက်သီးနှံ မြေပဲများစတင်ထွက်ပေါ်

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရန်၊ ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် ပြည်ပသို့တင်ပို့နိုင်ရန် အားထားစိုက်ပျိုးသည့် ဆောင်းသီးနှံမြေပဲစိုက်ပျိုးရေးကို တစ်မြို့နယ်လုံး (၂၀၂၃-၂၀၂၄)ခုနှစ်၌ စိုက်ဧက(၆၈၂)ဧကလျာထားစိုက်ပျိုးရာတွင် ရာနှုန်းပြည့်ဖြစ်ထွန်းအောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ကြောင်းသိရှိရပါသည်။

       ခရမ်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးအဆင်ပြေမှုနှင့် စိုက်ပျိုးမြေကောင်းမွန်မှုတို့ကြောင့်  နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး နှစ်စဉ် ဆောင်းရာသီစိုက်ပျိုးရာသီချိန်တွင် သီးနှံဝင်ငွေတိုးပွားစေရန်၊ စားနပ်ရိက္ခာဖူလုံစေရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံမှုရှိစေရေးတို့အတွက် မြေပဲသီးနှံကို အဓိကအားထားစိုက်ပျိုးခဲ့ရာ ယခုအခါတွင် ခရမ်းမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ကွင်းလျှားရှည်၊ သဖြူကန်၊ ဖလူကန်၊ တကောကန်နှင့် ကြာကန်ကျေးရွာများ၌ ယခုနှစ်မတ်လ တတိယပတ်မှစတင်၍ ထွက်ပေါ်လျက်ရှိပြီး အဖွင့်ဈေးမှာ မြေပဲ(၁)တင်းလျှင် (၃၀၀၀၀)ကျပ်မှ (၃၅၀၀၀)ကျပ်ဈေးနှုန်းဖြစ်ကြောင်းသိရှိရပါသည်။

      ခရမ်းမြို့နယ်အတွင်းရှိ တောင်သူအများစုသည် ဆောင်းဆီထွက်မြေပဲသီးနှံများအား သီးနှံအတိုင်း ရောင်းချခြင်းမျိုးမရှိဘဲ ဆီစက်များတွင်ကြိတ်ခွဲ၍ ၎င်းဆီစက်များတွင် ရောင်းချခြင်း၊ စားသုံးသူဒေသခံပြည်သူများအား ဖြန့်ဖြူးရောင်းချခြင်းများရှိပြီး ယခုနှစ် မြေပဲစိုက်ပျိုး (၁)ဧကတွင် သီးနှံအထွက်နှုန်းမှာ ပျမ်းမျှအားဖြင့် တင်း(၆၀)ခန့်ထွက်ရှိပြီး (၁)ဧကကုန်ကျစရိတ်မှာ (၈၀၀၀၀၀)ကျပ်ခန့်ရှိသောကြောင့် မြေပဲစိုက်တောင်သူများအတွက် အကျိုးအမြတ်ရရှိသော သီးနှံဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)