Main menu

ဆိပ်ဖြူမြို့နယ်၌ ကြက်သွန်နီ(ပင်စိုက်)စိုက်ပျိုးတောင်သူများ အကျိုးအမြတ်များစွာရရှိနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ စိုက်တောင်သူများသည် ဒေသစီးပွားဖြစ် ကြက်သွန်နီ(ဆောင်းစိုက်)(ပင်စိုက်)စိုက်ပျိုးခြင်းကို နှစ်စဉ်စိုက်ပျိုးကြသည်။ ဒေသတွင်း နေရာအနှံ့အပြားစိုက်ပျိုးလျက်ရှိပြီး နှစ်စဉ်စိုက်ဧက(၆၀၀၀)ဝန်းကျင်ခန့် စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် စိုက်ဧက(၆၁၅၈)ဧကအထိတိုးချဲ့စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။

    ကြက်သွန်နီ(ပင်စိုက်)စိုက်ပျိုးခြင်းကို ဒီဇင်ဘာလလယ်မှစ၍  ဇန်နဝါရီလဆန်းအထိ စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလကုန်၊ မတ်လမှဧပြီလဆန်းပိုင်းအထိ တူးဖော်ရိတ်သိမ်းကြောင်း၊ ကြက်သွန်နီသီးနှံကို နှစ်စဉ်ဒေသစီးပွားဖြစ် အဓိကထားစိုက်ပျိုးကြသော ဆိပ်ဖြူမြို့၊ ရွာသစ်၊ အနောက်ပိုင်းရပ်ကွက်၌ စိုက်ဧက(၁၀၀)ဝန်းကျင်ခန့် စိုက်ပျိုးထားရှိကြောင်း၊ မတ်လဆန်းမှစ၍ ကြက်သွန်နီများ လှိုင်လှိုင်တူး ဖော်လျက်ရှိကြောင်း၊ ကိုင်းကျွန်းမြေမများတွင် ရေသွင်းစိုက်ပျိုးပြီး တစ်ဧကလျှင် ပျှမ်းမျှပိဿာ(၃၅၀၀-၄၀၀၀)ထွက်ရှိကြောင်း၊ ဒေသတွင်းသီးနှံပေါ်ချိန် မတ်လဆန်းပိုင်းတွင် ကြက်သွန်နီ(ပင်စိုက်)(ဂျွန်) တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၂၆၇၅)ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး သီးနှံကြက်သွန်နီ လှိုင်လှိုင်ပေါ်ချိန် မတ်လ လလယ်ခန့်တွင် ဈေးအနည်းငယ်ကျဆင်းပြီး ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၂၁၅၀)ဖြင့် ဆိပ်ဖြူကြက်သွန်နီကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရှိရပါသည်။

    ကြက်သွန်နီ(ပင်စိုက်)စိုက်ပျိုးမှုကို နှစ်စဉ်ဒေသစီးပွားဖြစ်စိုက်ပျိုးလျက်ရှိသော စိုက်တောင်သူ နှင့် ဆက်သွယ်မေးမြန်ရာ ယခုနှစ်တွင် ကြက်သွန်နီ(ပင်စိုက်)တစ်ဧက စိုက်ပျိုးထားရှိကြောင်း၊ အထွက်နှုန်း ပိဿာ(၄၀၀၀)ခန့် ထွက်ရှိကြောင်း၊ မတ်လ လလယ်ခန့်တွင် တူးဖော်ရရှိကြောင်း၊ တစ်ပိဿာလျှင် ကျပ်(၁၈၇၅)ဖြင့် ရောင်းချခဲ့ရ၍ ကျပ်(၇၅)သိန်းခန့် ဝင်ငွေရရှိပြီး တစ်ဧကစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ကျပ်(၃၅)သိန်းခန့် ကုန်ကျ၍ အကျိုးအမြတ်အနေဖြင့် ကျပ်(၄၀)သိန်းခန့်ရရှိကြောင်း၊ ကြက်သွန်နီစိုက်တောင်သူတစ်ဦးချင်းအနေဖြင့် ကြက်သွန်နီများ တူးဖော်ရောင်းချချိန်တွင် ဈေးကွက် ဝယ်လိုအားပေါ်မူတည်ပြီး ဈေးနှုန်းပြောင်းလဲမှုရှိ၍ အကျိုးအမြတ်ရရှိပုံမတူညီ ကြကြောင်း၊ ယခုနှစ် ကြက်သွန်နီ(ပင်စိုက်)တူးဖော်ချိန်တွင် ဒေသတွင်းစားသုံးမှုအပြင် ပြည်ပနိုင်ငံများမှအဝယ်လိုက်၍ စိုက်တောင်သူများ အကျိုးအမြတ်များစွာရရှိကြောင်း သိရှိရသည်။

    ဆိပ်ဖြူမြို့နယ်၌ ကြက်သွန်နီ(ပင်စိုက်)စိုက်ပျိုးမှုကို ဒေသတွင်းအနှံ့စိုက်ပျိုးခြင်းဖြစ်ပြီး ဧရာဝတီမြစ်ကမ်းဘေးရှိ ကိုင်းကျွန်းမြေမာများတွင် စိုက်ပျိုးထားရှိသော ကြက်သွန်နီများကို မတ်လကုန်ပိုင်းတွင် အပြီးတူးဖော်ရိတ်သိမ်းကြမည်ဖြစ်ပြီး မြေလွတ်များတွင် သီးထပ်သီးနှံ၊ နွေနှမ်း၊ သကြားပြောင်းဖူးနှင့် ခရမ်းချဉ်(ပင်ထောင်)သီးနှံများကို ရေသွင်းစနစ်ဖြင့် စိုက်ပျိုးကြမည်ဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)