Main menu

လုပ်ငန်းရှင်များ ဈေးကွက်ပိုမိုရရှိလာစေရေး ကွင်းဆင်းဆောင်ရွက်ပေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များကိုလိုက်နာဆောင်ရွက်ခြင်းဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်း၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပြီး အကျိုးစီးပွားအောင်မြင်ဖြစ်ထွန်းစေရန်ရည်ရွယ်၍ (၁၄-၃-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ပခုက္ကူမြို့ပေါ်ရှိ ဒေသတွင်းစားသောက်ကုန်များဖြစ်သော ကြက်သွန်ကြော်နှင့် အုန်းကပ်စေးများထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော လုပ်ငန်းရှင်(၃)ဦးထံသို့သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

     ဆွေးနွေးပွဲတွင် ဒုတိယခရိုင်ဦးစီးမှူးက မိမိတို့ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့်အချက်အလက်များ၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ထုတ်လုပ်သော ကုန်စည်အမျိုးအစားအလိုက် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီသည့် ကုန်စည်များကို စားသုံးသူရေးရာဦးစီးဌာန၏ စိစစ်ခွင့်ပြုချက်ရရှိရန် လျှောက်ထားနိုင်ကြောင်း ဆွေးနွေးခဲ့ပါသည်။

     ဆက်လက်၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်၏ ကျင့်ဝတ်စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်စေလိုကြောင်း၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများလည်းရှိ၍ ရိုးရှင်းမှန်ကန်စွာ သတင်းအချက်အလက်ပေးစေလိုကြောင်း၊ နစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည်ကိုတိုက်ရိုက် (သို့) သွယ်ဝိုက်ရောင်းချခြင်းမှ ရှောင်ကြဉ်ရန်လိုအပ်ကြောင်း၊  စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ဈေးကွက်များပိုမိုရရှိလာနိုင်ပြီး စားသုံးသူများကလည်း လုံခြုံစိတ်ချရသောကုန်စည်များအား ရွေးချယ်ဝယ်ယူသုံးစွဲလာနိုင်၍ နှစ်ဦးနှစ်ဖက်အကျိုးကျေးဇူးများရရှိလာမည်ဖြစ်သောကြောင့် လိုက်နာစေလိုကြောင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)