Main menu

MSME လုပ်ငန်းတိုးတက်စေရေး ချည်ထည်လုပ်ငန်းသို့ သွားရောက်ဆွေးနွေး

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၁၄-၃-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၃၀) နာရီအချိန်တွင် MSME လုပ်ငန်းများတိုးတက်စေရေးအတွက် ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်ရှိ “စိန်ငါးပွင့်” အထည်လုပ်ငန်းသို့ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး၊ ဝန်ထမ်းများနှင့်အတူ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများပူးပေါင်း၍ သွားရောက်လေ့လာဆောင်ရွက်ခဲ့ကြပါသည်။

     ပထမဦးစွာ  ခရိုင်ဦးစီးမှူးက လုပ်ငန်းစတင်ခဲ့သည့်ခုနှစ်၊ ကုန်ကြမ်းများဝယ်ယူရသည့်အခြေအနေ၊ ထုတ်လုပ်မှုအခြေအနေ၊ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို မေးမြန်းရာတွင် လုပ်ငန်းရှင် ဒေါ်နန်းကျော့ခိုင်က ၁၉၇၂ခုနှစ်မှစ၍ ရက်ကန်းစင်စတင်တည်ထောင်ခဲ့ကြောင်း၊ လုပ်ငန်းစတင်ခဲ့စဉ်က လက်ရက်ကန်းစင် (၂) စင်သာရှိကြောင်း၊ လုပ်ငန်းစတင်တည်ထောင်ရသည့် ရည်ရွယ်ချက်မှာ သားသမီးများလက်ထက်တွင် တစ်နိုင်တစ်ပိုင်ကိုယ်ပိုင်လုပ်ငန်းရှိစေချင်သောကြောင့်ဟုပြောကြားခဲ့ပြီး ဆက်လက်၍ ၁၉၈၀ခုနှစ်တွင် “စိန်ငါးပွင့်” အထည်ဆိုင်ကို တိုးချဲ့ဖွင့်လှစ်ခဲ့ကြောင်း၊ လိုအပ်သည့်ကုန်ကြမ်းများကို မန္တလေးစက်ရုံများမှဝယ်ယူရ၍ အခက်အခဲမရှိကြောင်း၊ ယခုအခါ ချည်ထည်လုပ်ငန်းများကို အသုံးများလာသောကြောင့် တိုးချဲ့လုပ်ကိုင်ခဲ့ရာ စက်ရက်ကန်း(၆၀)စင်နှင့် လက်ရက်ကန်း (၂၀)စင်၊ စုစုပေါင်းရက်ကန်းစင်ပေါင်း (၈၀)ခန့်ရှိကြောင်း၊ ရက်ကန်းစင်များကို ကုန်ကြမ်းပေးပြီး ကုန်ချောပြန်သွင်းယူစနစ်ဖြင့် လုပ်ကိုင်ကြကြောင်းပြောပြခဲ့ပါသည်။

      ထုတ်လုပ်မှုအနေဖြင့် စောင်၊ မျက်နှာသုတ်ပုဝါ၊ စားပွဲခင်းနှင့် လက်သုတ်များထုတ်လုပ်ကြောင်း၊ စောင်ဈေးနှုန်းအနေဖြင့် အနိမ့်ဆုံး ကျပ်(၁၀၀၀၀)မှ ကျပ်(၂၂၀၀၀)ထိ ဈေးနှုန်းအမျိုးမျိုးရှိကြောင်း၊ မျက်နှာသုတ်ပုဝါအနေဖြင့် အမျိုးအစားလိုက်၍ ကျပ်(၂၅၀၀)မှ ကျပ်(၃၅၀၀)ထိရှိကြောင်း၊ စားပွဲခင်းအနေဖြင့် ကျပ် (၆၅၀၀)၊ လက်သုတ်အ‌‌နေဖြင့် ကျပ်(၁၄၀၀)ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်၊ မန္တလေး၊ ပြည်၊ ဘားအံ၊ မုံရွာ စသည့် မြန်မာနိုင်ငံအနှံအပြားမြို့များသို့ ပို့ဆောင်ရကြောင်းပြောကြားခဲ့ပါသည်။

   အရောင်းအဝယ်အနေဖြင့် (၁)နှစ်လျှင် (၆) လလောက်သာရောင်းအားကောင်းကြောင်း၊ ကျန် (၆)လမှာ အသင့်အတင့်သာရောင်းရကြောင်း၊ ရက်ကန်းသမများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးအတွက် (၁)နှစ်ပတ်လုံး ပုံမှန်ထုတ်လုပ်လျက်ရှိကြောင်း၊ သို့မှသာ အလုပ်လုပ်ကိုင်ရာတွင် ပျော်ရွှင်ကြမည်ဖြစ်ကြောင်း၊ ပျော်ရွှင်မှသာ အထည်များလည်း ကောင်းမွန်စွာထွက်ရှိနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

     စီးပွားရေးလုပ်ကိုင်မည့်လူငယ်များကို လုပ်ငန်းတစ်ခုလုပ်တော့မည်ဆိုလျှင် မိဘပိုင်လုပ်ငန်းဖြစ်စေ၊ ဝါသနာကြောင့်ဖြစ်စေ၊ စားဝတ်နေရေးကြောင့်ဖြစ်စေ အဘယ်ကြောင့်ပဲဖြစ်ဖြစ် အဓိကအနေဖြင့် မိမိလုပ်ကိုင်သည့် အလုပ်အကိုင်အပေါ် စေတနာထားရမည်၊ စိတ်ဝင်စားရမည်ဖြစ်ကြောင်း၊ သို့မှသာ အောင်မြင်ကျော်ကြားသည့် စီးပွားရေးလုပ်ငန်းရှင်ဖြစ်နိုင်ကြောင်းကိုလည်း လူငယ်များအတွက် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)