Main menu

၂၀၂၄ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ ခွင့်ပြုချက်ဖြင့် ကျင်းပပြုလုပ်သော  ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်၍  ၂၀၂၄ ခုနှစ်၊ မတ်လ(၁၅) ရက်နေ့ ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ချင်းတွင်းခန်းမ၌  ကျင်းပပြုလုပ်ခဲ့ရာ   ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်း/ ခရိုင်ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စားသုံးသူပြည်သူများ၊ စုစုပေါင်း (   ၁၂၀  ) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ အခမ်းအနားတွင် ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ဆောင်းပါးပြိုင်ပွဲဝင်(၆)ဦး၊ ကာတွန်းပြိုင်ပွဲဝင်(၂)ဦး၊စုစုပေါင်း(၈)ဦးအား  ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း၊ စားသုံးသူ ရေးရာ ကော်မတီဥက္ကဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးက ကော်မတီ၏ လုပ်ငန်းဆောင်ရွက်များအကြောင်း၊စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့နှင့် စားသုံးသူကာကွယ်ရေး ဆောင်ရွက်မှုများ အကြောင်းကို ရှင်းလင်း ဆွေးနွေးရာတွင် ၂၀၁၉ ခုနှစ်၊ စားသုံးသူကာကွယ်ရေးဥပဒေကို အသစ်ပြင်ဆင်ပြဌာန်းကာ စားသုံးသူ များလုံခြုံစိတ်ချရ မှုရှိစေရန်နှင့် စားသုံးသူအခွင့်အရေးများရရှိစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသုံးသူအခွင့်အရေးများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကိုသုံးစွဲရာမှ နစ်နာဆုံးရှုံးမှုကြောင့် တိုင်ကြားမှုများကို လက်ခံဖြေရှင်းပေးလျက်ရှိပါကြောင်း၊ နှစ်စဉ် မတ်လ(၁၅)ရက်နေ့ကို ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အဖြစ် သတ်မှတ်ထားကြောင်း၊ စားသုံးသူကာကွယ်ပေးရေး၊ စားသုံးသူအခွင့်အရေးမြှင့်တင်ဖော်ဆောင်ပေးနိုင်ရေးအတွက် အလေးထား ဂရုပြုသင့်သည့် ကဏ္ဍနှင့်ပတ်သက်သော အသိပညာပေး လှုံ့ဆော်မှုများကို ဆောင်ရွက်နိုင်ရန် အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့ အစည်းဖြစ်သည့် Consumer International က နှစ်စဉ်အထိမ်းအမှတ် ဆောင်ပုဒ်များသတ်မှတ်ထုတ်ပြန်ပေးလျက်ရှိပြီး၊ ၂၀၁၆ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံ၌ မတ်လ(၁၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ်အဖြစ် မီဒီယာကမ်ပိန်းများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ အသိပေးပိုစတာစိုက်ထူခြင်း၊ ဟောပြောဆွေး နွေးပွဲအခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ယခု ၂၀၂၄  ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ     “  မျှတအလေးယူ တာဝန်ယူ ၊ စားသုံး သူ အကျိုးပြု ဥာဏ်ရည်တု ” ဖြစ်ကြောင်း၊ စားသုံးသူအားလုံး၏ အခြေခံအခွင့်အရေးများကို မြှင့်တင် နိုင်ပြီး အလေးထား ကာကွယ်ပံ့ပိုးပေးနိုင်မှုများ တိုးတက်လာစေရန်ရည်ရွယ်၍ နှစ်စဉ်ဦးတည်ချက် ဆောင်ပုဒ်များ သတ်မှတ်ထုတ်ပြန်လျက်ရှိရာ အဆိုပါဆောင်ပုဒ်များနှင့်အညီ စားသုံးသူ ရေးရာဦးစီးဌာနက လှုပ်ရှားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ဧည့်သည်တော်များအား ရုံးချုပ်မှ ပေးပို့သော ကမ္ဘာ့စားသုံးသူ အခွင့်အရေး များနေ့ အထိမ်းအမှတ် VideoClip ပြသခြင်း ၊ စားသုံးသူအခွင့်အရေး ကာကွယ်ပေးသီချင်းဖြင့်  ဝန်ထမ်းများက သီဆိုတင်ဆက်ခြင်း၊ လုပ်ငန်းရှင်များ အစဉ်မှတ်သားသီချင်း တေးသရုပ်ဖော်အကဖြင့် ဝန်ထမ်းများက ကပြဖျော်ဖြေပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)