Main menu

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို စည်ကားသိုက်မြိုက် စွာ ကျင်းပပြုလုပ်ခဲ့ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက် အမှာစကားပြောကြား

Powered by Drupal

     စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အများပြည်သူသိရှိစေရန်နှင့် ပိုမိုထိရောကသော အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကမ္ဘာ့စားသုံးသူ အခွင့်အရေး များနေ့ကို ၂၀၂၄ခုနှစ်၊ မတ်လ ၁၅ ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

      အခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄ခုနှစ်၊ ယနေ့ မတ်လ ၁၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့သုံး သူအခွင့်အရေးများနေ့ အခမ်းအနားတွင် တက်ရောက်အဖွင့်အမှာစကား ပြောကြားသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ဒီနှစ်တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့၏ ဆောင်ပုဒ်ဖြစ်သော မျှတ အလေးမူတာဝန်ယူ၊ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု (Fair and Responsible AI for Consumers)နှင့် ပတ်သက်၍ နည်းပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ  စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် AI နည်းပညာများကို တွင်ကျယ်စွာ အသုံးပြုလာကြရာ  စားသုံးသူပြည်သူများအတွက် များစွာအ ထောက်အကူပြုလျက်ရှိပါကြောင်း၊ သို့သော်  မသမာသောနည်းလမ်းဖြင့် အဆိုပါနည်းပညာကို အသုံးချပြီး စားသုံးသူပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာသော်လည်းကောင်း ရုပ်ပိုင်းဆိုင်ရာသော်လည်းကောင်း ထိခိုက်နစ်နာစေရန်လည်း အသုံးပြုလာသည်ကို ယနေ့ခေတ်တွင် မြင်တွေ့ ရကြောင်း၊ ယနေ့အခမ်းအနား၏ ဆောင်ပုဒ်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျွန်ုပ်တို့ စားသုံးသူပြည်သူအားလုံး စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာများကို သိရှိထားရန်နှင့် မိမိပတ်ဝန်းကျင်တွင် လက်ဆင့်ကမ်းမျှဝေအသိပေးရန် အထူးအရေးကြီးပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်နယ်စားသုံးသူရေးရာ ကော်မတီဥက္ကဌ၊ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက ပြည်နယ်စားသုံးသူရေးရာ ကော်မတီအနေဖြင့် ကုန်စည်၊ ဝန်ဆောင်မှုနှင့် ပတ်သက်၍ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ ကုန်ပစ္စည်းအရောင်းအဝယ်လုပ်ငန်းများ လုပ်ကိုင် နေသည့် စီးပွားရေးလုပ်ငန်းရှင်းများကို လစဉ် အသိပညာပေးခြင်း၊ ရှောင်တခင် စစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် လူဦးရေ စုစုပေါင်း (၁၅၀)ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

DOCA(ချင်း)